လစ်ဗျား IS စခန်းတွေကို အီဂျစ် ဗုံးကြဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကော့ပ်တစ် ခရစ်ယာန် ဘုရားကျောင်းကို အီဂျစ် သမ္မတ စီစီ သွားရောက် ဝမ်းနည်းစကား ပြော

IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ကို ထောက်ခံတဲ့ လစ်ဗျား စစ်သွေးကြွတွေက အီဂျစ် နိုင်ငံသား ခရစ်ယာန် ၂၁ ဦးကို ခေါင်းဖြတ် သတ်တဲ့ ဗီဒီယို ထွက်ပေါ် လာပြီးနောက် လစ်ဗျား အရှေ့ပိုင်းမှာ ရှိတဲ့ IS အဖွဲ့ရဲ့ ပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အီဂျစ် နိုင်ငံက ပြောပါတယ်။

IS အဖွဲ့ရဲ့ ခြေကုပ် စခန်းတွေ၊ လေ့ကျင့်ရေး စခန်းတွေနဲ့ လက်နက် သိုလှောင်ရာ နေရာတွေကို ဒီမနေ့ မနက် လင်းအားကြီး အချိန်က အက်ဖ် ၁၆ တိုက်လေယာဉ် တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အီဂျစ် စစ်တပ်က ပြောပါတယ်။

လစ်ဗျား ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ကလည်း လစ်ဗျား အရှေ့ပိုင်းက အစွန်းရောက် ဂျီဟတ် ဝါဒီတွေ ထိန်းချုပ်တဲ့ Derna မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

အသတ်ခံရတဲ့ ကော့ပ်တစ် ခရစ်ယာန် အီဂျစ် အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ လတွေမှာ လစ်ဗျား အရှေ့ပိုင်းက Sirte မြို့ကနေ IS အဖွဲ့က ဖမ်းခေါ် သွားခဲ့တာ ဖြစ်ပါတယ်။

အီဂျစ် သမ္မတ Abdel Fattah al-Sisi က ကော့ပ်တစ် ခရစ်ယာန် ဘုရားကျောင်းကို သွားရောက်ပြီး ဘုန်းတော်ကြီး Pope Tawadros ထံမှာ ဝမ်းနည်းစကား ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ