အိမ်ဖော်ကို နှိပ်စက်တဲ့ ဟောင်ကောင် အမျိုးသမီး ထောင် ၆ နှစ်ကျ

ဓာတ်ပုံ မူပိုင် AFP
Image caption ပြစ်ဒဏ် မချမီ ဟောင်ကောင်ရောက် အိမ်ဖော်တွေ တရားရုံး ရှေ့မှာ ဆန္ဒပြကြ

ဟောင်ကောင်မှာ အင်ဒိုနီးရှား အိမ်အကူ အမျိုးသမီး တစ်ဦးကို မတရား နှိပ်စက်ခဲ့တဲ့ အလုပ်ရှင် ဟောင်ကောင် အမျိုးသမီးကို ထောင်ဒဏ် ၆နှစ် ချမှတ် လိုက်ပါတယ်။

Law Wan-tung ဆိုသူ အလုပ်ရှင် အမျိုးသမီးဟာ အိမ်အကူ အမျိုးသမီးကို ကိုယ်ထိ လက်ရောက် ထိခိုက် နစ်နာစေမှု၊ ရာဇဝတ်မှု မြောက်တဲ့ ခြိမ်းခြောက်မှု၊ လုပ်ခ လစာ ပေးရန် ပျက်ကွက်မှု တွေနဲ့ အခုလ အစောပိုင်းတုန်းက ပြစ်မှု ထင်ရှားခဲ့တာပါ။

Erwiana Sulistyaningsih ဆိုတဲ့ အင်ဒိုနီးရှား အိမ်အကူ အမျိုးသမီးဟာ ပြီးခဲ့တဲ့ နှစ်က ဆေးကုသမှု ခံယူဖို့ အင်ဒိုနီးရှားကို ပြန်ရောက် လာပြီးနောက် သူ့အကြောင်းကို နိုင်ငံတကာက အာရုံ စိုက်လာ ခဲ့ကြတာ ဖြစ်ပါတယ်။

အာဝီယာနာရဲ့ ဒဏ်ရာ ဓာတ်ပုံတွေ ထွက်ပေါ်လာ အပြီးမှာ ဟောင်ကောင်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား အိမ်အကူတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ထွက်ပေါ် လာခဲ့တာပါ။

တရားခွင်မှာ အာဝီယာနာက သူ့ကို အိမ်ရှင်က လခ မပေးတဲ့ အပြင် ရိုက်နှက်ပြီး အစာမကျွေးဘဲ ထားခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုကြောင့် အိမ်အကူ အတော်များများ အလုပ်လုပ်နေတဲ့ ဟောင်ကောင်မှာ အသေးစိတ် စိစစ်မှုတွေ လုပ်ဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။

ဟောင်ကောင်မှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အများစု ဖြစ်တဲ့ အိမ်အကူ ၃ သိန်းလောက် အလုပ် လုပ်နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ