ရုရှားအတိုက်အခံခေါင်းဆောင် ပစ်သတ်ခံရ

Boris Nemtsov ဓာတ်ပုံ မူပိုင် RIA Novosti
Image caption ဘောရစ် နမ်ဆော့ဗ်ဟာ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ခဲ့

ရုရှားအတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘောရစ် နမ်ဆော့ဗ်ဟာ မော်စကိုမြို့မှာ ပစ်သတ်ခံလိုက်ရပါတယ်။

ဘောရစ် နမ်ဆော့ဗ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက သမ္မတ ဘောရစ်ယဲ့ဆင် လက်ထက်မှာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ နမ်ဆော့ဗ်ဟာ သောကြာညနက်ပိုင်းက မော်စကိုမြို့လယ် ကရင်မလင် နန်းတော်အနီးက ဘိုရှိုင်း ကန်မင်နီ တံတားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

သူဟာ အမျိုးသမီးတစ်ဦးနဲ့ လမ်းလျောက်နေစဉ် သေနတ်သမားကနေ သူ့ရဲ့နောက်ကျောကို လေးချက် ပစ်ခဲ့တယ်လို့ မော်စကို ပြည်ထဲရေးဌာနက အတည်ပြုပြောပါတယ်။

သေနတ်သမား ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးပါဘူး။

မစ္စတာ နမ်ဆော့ဗ်ဟာ သမ္မတပူတင်ရဲ့ အဓိက အတိုက်အခံတစ်ဦးဖြစ်ပြီး စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတစ်ခု လုပ်ဖို့ ၂ ရက်အလိုမှာ အခုလို ပစ်သတ်ခံရတာလည်း ဖြစ်ပါတယ်။

မစ္စတာ နမ်ဆော့ဗ်ရဲ့ ဘလော့ ပို့စ်မှာ သူနောက်ဆုံးရေးထားတဲ့အထဲမှာလည်း ရုရှားနဲ့ ယူကရိန်းနဲ့ စစ်ပွဲကို ရပ်တန့်ချင်ရင်၊ သမ္မတ ပူတင်ရဲ့ ရန်လိုမှုတွေကို အဆုံးသတ်ချင်ရင် သူနဲ့အတူ မတ်လ ၁ ရက်နေ့ ဆန္ဒပြပွဲမှာ ချီတက်ပါလို့ ရေးခဲ့ပါတယ်။

မစ္စတာ ဘောရစ် နမ်ဆော့ဗ်ဟာ ခရိုင်းမီးယားဒေသကို ရုရှားသိမ်းယူခဲ့တာနဲ့ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် ဝေဖန်ကန့်ကွက်တဲ့ အနည်းငယ်သော ရုရှားနိုင်ငံရေးသမားတွေထဲမှာ ပါဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။