တိကရစ်မြို့ကို ပြန်သိမ်းဖို့ အီရတ် စစ်ဆင်ရေး စတင်

ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်ဆင်ရေးမှာ တပ်ဖွဲ့ဝင် ၃ သောင်း ပါဝင်တယ်လို့ ဆို

အီရတ် နိုင်ငံမှာ မြောက်ပိုင်း ဆလာဟက်ဒင် ပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ တိကရစ် မြို့ကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်ထဲကနေ ပြန်လည် သိမ်းယူဖို့ အီရတ် အစိုးရက စစ်ဆင်ရေး တစ်ခုကို စတင် လိုက်ပါတယ်။

ဒီ စစ်ဆင်ရေးမှာ စေတနာ့ ဝန်ထမ်း ဆွန်နီ တပ်သား ၂၀၀၀ ခန့်၊ ရှီအာ မွတ်ဆလင်တွေ၊ ကာ့ဒ် ပြောက်ကျားတွေ အပါအဝင် စုစုပေါင်း တပ်ဖွဲ့ဝင် ၃ သောင်း နီးပါး ပါဝင်ပြီး လေကြောင်း အကူအဖြစ် ရဟတ်ယာဉ်တွေနဲ့ ဂျက် တိုက်လေယာဉ် တွေလည်း ပါဝင်တယ်လို့ အီရတ် အစိုးရက ပြောပါတယ်။

တိကရစ်မြို့ဟာ မြို့တော် ဘက္ကဒက် မြို့ရဲ့ မြောက်ဘက် ၉၅ မိုင် အကွာမှာ တည်ရှိပြီး မနှစ်က ဇွန်လမှာ IS တပ်တွေက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး သတင်းတွေအရ တိကရစ် မြို့တွင်းကို အီရတ် တပ်ဖွဲ့တွေ ထိုးဖောက် ဝင်ရောက်နေပြီလို့ အစိုးရက ပြောပေမယ့် ဒီသတင်းကို အတည်ပြု နိုင်ခြင်းတော့ မရှိသေး ပါဘူး။

တကယ်လို့ တိကရစ် မြို့ကို သိမ်းယူ နိုင်ခဲ့မယ် ဆိုရင် IS အဖွဲ့ လက်အောက် ရောက်နေတဲ့ မြို့တွေထဲ အကြီးဆုံးမြို့ ဖြစ်တဲ့ မြောက်ပိုင်းက မိုဆူးလ် မြို့ကို ပြန်လည် သိမ်းယူလိုတဲ့ အီရတ် အစိုးရရဲ့ ဆန္ဒအတွက် တွန်းအား ဖြစ်စေလိမ့်မယ်လို့ ဘက္ကဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ