ထိ​က​ရိ​မြို့​အနီး နယ်​မြေ​တွေ​ကို အီ​ရတ်​အစိုးရ​တပ် ထိန်း​ချုပ်နိုင်

amerli_iraq_shii_militia ဓာတ်ပုံ မူပိုင် AFP
Image caption ထိကရိမြို့သိမ်း စစ်ဆင်ရေး မှာ ဆွန်နီ လက်နက်ကိုင်တွေ လည်း ပူးပေါင်း ပါဝင် နေပါတယ်။

အီရတ် နိုင်ငံ မှာ အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ လက်ထဲ ကျရောက် နေတဲ့ ထိကရိ မြို့ ကို ပြန်လည် ရရှိအောင် တိုက်နေကြ တဲ့ အီရတ် အစိုးရ တပ်တွေ ဟာ ထိကရိ မြို့ ပတ်ဝန်းကျင် နယ်မြေ တော်တော်များများ ကို ထိန်းချုပ် လိုက်နိုင်တယ် လို့ အီရတ် အာဏာပိုင် တွေ က ပြောပါတယ်။

ထိကရိ မြို့သိမ်း တိုက်ပွဲ ဆင်နွှဲ နေသူတွေ ထဲမှာ အီရတ် အစိုးရတပ် တွေ နဲ့ အတူ အီရန် အစိုးရ က ကျောထောက် နောက်ခံ ပြုထားတဲ့ ရှီအာ လက်နက်ကိုင် တွေ နဲ့ ဒေသခံ ဆွန်နီ မွတ်ဆလင် မျိုးနွယ်စု တပ်ဖွဲ့တွေ လည်း ပူးပေါင်း ပါဝင် နေပြီး အင်အား ၃ သောင်း ရှိတယ် လို့ သတင်းတွေ က ဆိုပါတယ်။

အခု ထိကရိ မြို့သိမ်း တိုက်ပွဲ တွေ မှာ ရှီအာ တပ်တွေ ပူးပေါင်း ပါဝင် လာ အောင် Revolutionary Guard လို့ ခေါ်တဲ့ အီရန် ရဲ့ တော်လှန်ရေး ပြည်စောင့်တပ် ရဲ့ တပ်မှုး ကိုယ်တိုင် စုရုံး ပေးခဲ့ပြီး စစ်ဆင်ရေး မှာ လည်း ဦးစီး ညွှန်ကြား နေတယ် လို့ အီရတ် နဲ့ အီရန် တို့ မှာ ရှိတဲ့ သတင်း ဌာနတွေ က ရေးသား နေကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဂျွန်လ၊ ထိကရိ မြို့ ကို IS တွေ သိမ်းပိုက်ခဲ့တုန်း က ရှီအာ လက်နက်ကိုင် အများအပြား ကို IS တွေ က အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ကြပါတယ်။

ထိကရိ မြို့ဟာ အီရတ် မြို့တော် ဘဂ္ဂဒက် မြောက်ပိုင်း IS တွေ ရဲ့ အဓိက ခြေကုပ် မြို့ဖြစ်တဲ့ မိုဆိုးလ် မြို့ ကို သွားရာ လမ်းကြောင်း ပေါ်မှာ တည်ရှိ ကာ၊ IS တွေ လက်ထဲ က ပြန်လည် သိမ်းယူ နိုင်ဖို့ ပြီးခဲ့တဲ့ ကြိုးပမ်းမှုတွေ တုန်း ကတော့ မအောင်မြင် ခဲ့ပါဘူး။

တခါ၊ အခု ထိကရိ မြို့သိမ်း စစ်ဆင်ရေး မှာ အမေရိကန် အနေနဲ့ လေကြောင်း ပစ်ကူတွေ ပေးမနေဘူး လို့ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန် က ဆိုပါတယ်။ စစ်ဆင်ရေး လုပ်တော့မယ့် အကြောင်း အမေရိကန် အနေနဲ့ ကြိုတင် သိနေခဲ့ပြီး၊ သူတို့ကို အကူအညီ ပေးဖို့ တောင်းခံလာမှု မရှိကြောင်း အမေရိကန် စစ်ဘက် က ပြောပါတယ်။

ဒီ စစ်ဆင်ရေး မှာ အီရန် တပ်မှုး ပါ၀င်နေ တဲ့ အတွက် အမေရိကန် အနေနဲ့ စစ်ရေး အကူအညီ ပေးနိုင်ဖို့ နိုင်ငံရေး အရ ခက်ခဲနေတာ ဖြစ်နိုင်ကြောင်း ဝါရှင်တန် မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ