တိုက်ပွဲကြောင့် တိကရစ်မြို့က လူ သောင်းနဲ့ချီ ထွက်ပြေး

ဓာတ်ပုံ မူပိုင် Reuters
Image caption မိုင်းတွေကြောင့် စစ်ဆင်ရေး နှောင့်နှေးနေဟု ဆို

အီရတ် နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်ထဲက တိကရစ်မြို့ကို ပြန်လည် သိမ်းယူနိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးကြောင့် လူပေါင်း ၂ သောင်း ၈ ထောင်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

တိကရစ် မြို့က ထွက်ပြေး လာသူတွေဟာ ဆမ်မာရာ မြို့ကို ဦးတည် သွားနေကြပြီး မိသားစု အများအပြားကတော့ စစ်ဆေးရေး ဂိတ်တွေမှာ ပိတ်မိ နေကြတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဒုက္ခသည်တွေကို ကူညီဖို့အတွက် ကုလ သမဂ္ဂ ကယ်ဆယ်ရေး ယာဉ်တန်းတွေ အဲဒီ ဒေသကို စေလွှတ် နေတယ်လို့လည်း ဆိုပါတယ်။

တိကရစ် မြို့ကို ပြန်လည် သိမ်းယူနိုင်ဖို့ အတွက် စစ်ဆင်ရေး စတင်ခဲ့တာ ၄ ရက်မြောက် ရှိပြီ ဖြစ်ပြီး အီရတ် တပ်ဖွဲ့ဝင် ၃ သောင်း လောက်နဲ့ ရှီးယား လက်နက်ကိုင်တွေ ပူးပေါင်း တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိကရစ် မြို့ထဲက IS စစ်သွေးကြွတွေကို ဝန်းရံ တိုက်ခိုက်ဖို့ ကြိုးစား ကြပေမယ့် လမ်းဘေး မိုင်းတွေကြောင့် နှောင့်နှေး နေရတယ်လို့ ဘေရွတ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

IS စစ်သွေးကြွတွေက အီရတ် လေယာဉ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကို ဟန့်တားဖို့ တိကရစ် မြို့ပြင်က ရေနံတွင်းတွေကို မီးရှို့ခဲ့ကြတယ် လို့လည်း အီရတ် အရာရှိတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ