MQM ပါတီ ရုံးချုပ်ကို ပါကစ္စတန် စစ်သားတွေ ဝင်စီး

ဓာတ်ပုံ မူပိုင် Reuters
Image caption သိမ်းမိတဲ့ လက်နက်အချို့ဟာ နေတိုးအဖွဲ့က ပျောက်ဆုံး သွားတဲ့ လက်နက်တွေ ဖြစ်နိုင်တယ်လို့ ဆို

ပါကစ္စတန် နိုင်ငံ ကရာချိ မြို့မှာ အခြေစိုက်တဲ့ အင်အားကြီး နိုင်ငံရေး ပါတီ MQM ဌာနချုပ်နဲ့ ရုံးခွဲတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့ပြီး ဝရမ်းပြေး ရာဇဝတ်သားတွေကို ဖမ်းဆီးကာ လက်နက်တွေကို သိမ်းဆည်း ခဲ့တယ်လို့ သိရပါတယ်။

MQM ပါတီဟာ ရာဇဝတ်သားတွေကို ကွယ်ဝှက် ပေးထားတယ် ဆိုတဲ့ သတင်းအရ အခုလို စီးနင်းခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေး တပ်ဖွဲ့ အရာရှိ ဖြစ်တဲ့ Tahir Mahmood က ပြောပါတယ်။

သိမ်းဆည်း ရမိတဲ့ လက်နက်တွေထဲက အချို့ဟာ နေတိုး အဖွဲ့က ပျောက်ဆုံး သွားတဲ့ လက်နက်တွေထဲက ဖြစ်နိုင်တယ်လို့ သံသယ ရှိကြောင်းလည်း သူက ဆိုပါတယ်။

ပါကစ္စတန်မှာ စတုတ္တ အကြီးဆုံး ဖြစ်တဲ့ MQM ပါတီဟာ အိန္ဒိယကနေ ခွဲထွက်ပြီး ပါကစ္စတန် နိုင်ငံ ထူထောင်ချိန်မှာ အိန္ဒိယက ထွက်ပြေး လာကြတဲ့ မူဟာဂျာ လူမျိုးစုတွေကို ကိုယ်စားပြုပြီး လွန်ခဲ့တဲ့ နှစ် ၃၀ က တည်ထောင် ထားတဲ့ ပါတီ ဖြစ်ကာ နှိမ်ချ ဆက်ဆံ ခံရမှုတွေကြောင့် မကျေနပ်မှုတွေ ရှိနေခဲ့တာပါ။

ဒီလို ဝင်ရောက် စီးနင်းမှုကို ကန့်ကွက်တဲ့ အနေနဲ့ ပါတီ ဝန်ထမ်းတွေ စုဝေး ဆန္ဒပြခဲ့ကြချိန်မှာ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သေနတ်သမား တွေက သေနတ်တွေ ပစ်ဖောက်ခဲ့လို့ ပါတီ ဝန်ထမ်း လူငယ် တစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေး ရိုက်ခတ်မှုတွေ ရှိလာမှာကို စိုးရိမ်တဲ့ အတွက် ကရာချိမြို့မှာ ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ထား ကြတယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ