ဝီကီလိ ထူထောင်သူကို လန်ဒန်မှာပဲ စစ်မေးမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသမီး ၂ ဦးရဲ့ စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆွီဒင် ရှေ့နေတွေက မစ္စတာ အာဆန်းကို မေးမြန်းလိုတာ ဖြစ်

လိင် စော်ကားမှု တွေနဲ့ စွဲဆို ခံထားရတဲ့ ဝီကီလိ ထူထောင်သူ Julian Assange ကို ဆွီဒင်ကို လာစရာ မလိုဘဲ သူနေထိုင်ရာ လန်ဒန်မြို့က အီကွေဒါ သံရုံးမှာပဲ လာရောက် စစ်ဆေး မေးမြန်းတော့မယ်လို့ ဆွီဒင် အစိုးရ ရှေ့နေတွေက ကမ်းလှမ်း လိုက်ပါတယ်။

အစောပိုင်း တုန်းကတော့ ဆွီဒီ နိုင်ငံမှာ သူ ကျူးလွန် ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ အဓမ္မ ပြုကျင့်မှု စွဲချက်တွေနဲ့ ပတ်သက်ပြီး မစ္စတာ အာဆန်းကို ဆွီဒင် နိုင်ငံကို လာရောက် စစ်ဆေးခံဖို့ ရှေ့နေတွေက အလိုရှိနေတာ ဖြစ်ပါတယ်။

မစ္စတာ အာဆန်း ကတော့ အဲဒီ စွဲချက်တွေကို ငြင်းဆို ထားခဲ့ပြီး ၂၀၁၂ ခုနှစ် ကတည်းက လန်ဒန်မြို့က အီကွေဒေါ သံရုံးမှာ ခိုလှုံခွင့်နဲ့ နေထိုင် နေခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ ဆွီဒင်ကို သွားခဲ့ရင် အစိုးရ လျှို့ဝှက် မှတ်တမ်းတွေ ဖောက်ချမှုနဲ့ သူ့ကို အမေရိကန်ကို လွှဲပြောင်း ပေးလိုက်မှာကို သူက ပူပန် စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဒီအမှု စစ်ဆေး ခံရဖို့ ၄ နှစ် ကျော် စောင့်ဆိုင်း ခဲ့ရတဲ့ မစ္စတာ အာဆန်း အနေနဲ့ ဆွီဒင် အစိုးရ ရှေ့နေတွေနဲ့ အပြည့် အဝ ပူးပေါင်း ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့ သူ့ရဲ့ ရှေ့နေ Per Samuelsson က ဘီဘီစီ ကို ပြောပါတယ်။