တရုတ်နဲ့ ဂျပန် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်

ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး ဆွေးနွေးပွဲကို ၄ နှစ်အတွင်း ပထမဆုံး ပြန်လည် ပြုလုပ်

တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံ အကြား လတ်တလော တင်းမာမှုတွေ ပေါ်ပေါက် လာပြီးနောက် ၄ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် လုံခြုံရေး ဆိုင်ရာ ထိပ်တန်း အဆင့် ဆွေးနွေးမှု တွေကို တိုကျို မြို့မှာ ပြုလုပ်နေပါတယ်။

ဆွေးနွေးပွဲမှာ နိုင်ငံခြားရေး နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက အရာရှိတွေ ပါဝင်ပြီး လာမယ့် စနေနေ့မှာတော့ တောင်ကိုရီးယား နဲ့ပါ သုံးပွင့်ဆိုင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဂျပန်ကြား နောက်ဆုံး ဆွေးနွေးမှုကို ၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့ပြီး အရှေ့ တရုတ် ပင်လယ်ပြင်က ကျွန်းစုတွေ အရေးနဲ့ ပတ်သက်လို့ တင်းမာမှုတွေ ဖြစ်လာပြီးနောက် နှစ်ဘက် ဆွေးနွေးမှုတွေ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်ရဲ့ ရန်လိုမှုတွေ အတွက် ကြေအေးအောင် လုံလောက်တဲ့ ဆောင်ရွက်မှုတွေ မလုပ်ခဲ့ဘူး လို့လည်း တရုတ်က စွပ်စွဲ ထားတာပါ။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေ အနီး ကင်းလှည့်တဲ့ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံ သင်္ဘောတွေ အကြား ထိုးတိုက်မှုတွေ ဖြစ်ပွားပြီး ပဋိပက္ခတွေ ကြီးထွား လာမယ့် အရေးကို စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ကာကွယ်ရေး မူဝါဒရဲ့ နောက်ကွယ်က အကြံဉာဏ်နဲ့ ရည်ရွယ်ချက်တွေ အကြောင်း အဓိက ဆွေးနွေးကြဖို့ နှစ်ဘက်စလုံးက မျှော်လင့် ထားတယ်လို့ ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ