အစ္စရေး အပေါ်ထားတဲ့ အမေရိကန် ပေါ်လစီပြန်သုံးသပ်မယ်လို့ သမ္မတ အိုဘားမား ပြောကြား။

မကြာမီကကျင်းပခဲ့ တဲ့အစ္စရေး ရွေးကောက်ပွဲ ဓာတ်ပုံ မူပိုင် EPA
Image caption မကြာမီကကျင်းပခဲ့ တဲ့အစ္စရေး ရွေးကောက်ပွဲ

အမေရိကန် ရုပ်သံလွှင့်အစီအစဉ် MSNBC နဲ့ အသစ်ပြန် ရွေးခံရတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟုတို့ တွေ့ဆုံ မေးမြန်းခန်းမှာ သူက တည်တံ့ပြီး ငြိမ်းချမ်းတဲ့ နှစ်နိုင်ငံဖြေရှင်းမှုမျိုးကို လိုလားတယ်လို့ အခိုင်အမာ ပြောသွားပါတယ်။ အခုတပါတ် စောစောပိုင်းအစ္စရေး ရွေးကောက်ပွဲ မစမီတုန်းကတော့ သူ့မျက်စေ့အောက်မှာ ပါလက်စတိုင်း နိုင်ငံထူထောင်တာမျိုး ခွင့်မပြုနိုင်ဘူးလို့ မဲဆွယ်ခဲ့တဲ့အတွက် ထောက်ခံမဲတွေ ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပြောကြားချက် အပေါ်အမေရိကန်တို့ စိတ်ကသိကအောက် ဖြစ်ခဲ့ရပါတယ်။ တကယ်လို့ အစ္စရေးတို့ ဘက်ကသာ အစ္စရေး ပါလက်စတိုင်းဆိုတဲ့ နှစ်နိုင်ငံကို အသိအမှတ်ပြုတဲ့ ဖြေရှင်းချက်မျိုးကို ပြောင်းမယ်ဆိုရင် အမေရိကန်တို့ကလည်း သူ့ရဲ့ အနေအထားကို ပြန်သုံးသပ်ရ လိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Ernest က သတင်းထောက်တွေကိုပြောပါတယ်။

အခုအခါ နာတာညာဟုက အဲဒီလို ပြောတာဟာ တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေကို ထင်ဟပ်ချက်သာဖြစ်ပြီး တကယ့်တကယ်ပေါ်လစီ ပြောင်းတာ မဟုတ်ဘူးလို့ဆိုနေပြန်ပါတယ်။ ဘယ်လိုပဲပြောပြော သမ္မတအိုဘားမားကတော့ အခုလိုပြောတာကို သိပ်လက်ခံချင်တဲ့ပုံ မပေါ်ပါဘူး။

တကယ်လို့ နာတာညာဟုက အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံဆိုတဲ့မူကို ကျောခိုင်းသွားရင် အမေရိကန် တို့ဘက်ကလည်း ရှေ့ဆက်မယ့်မူ အတွက် ပြန်စိစစ်တော့မယ်လို့ သမ္မတအိုဘားမားက အစ္စရေးဝန်ကြီးချုပ်ကို ဖုန်းနဲ့ပြောခဲ့ပါတယ်။ ဆိုလိုတာက ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေအပေါ် အမေရိကန်က အစ္စရေးဘက်က ရပ်တည်ပြီး အကာအကွယ်ပေး နေတာလိုမျိုး ထောက်ခံချက်တွေကို နောင်အစ္စရေးတို့သိပ် မျှော်လင့်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး အမေရိကန်တို့ဘက်က အသိပေးလိုက်တာ ဖြစ်ပါတယ်။