ဂျာမန် ခရီးသည်တင် လေယာဉ် ပြင်သစ်မှာ ပျက်ကျ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပျက်ကျတဲ့ နေရာကို ပြင်သစ် ကယ်ဆယ်ရေး အဖွဲ့ သွားရောက်နေ။

လူ ၁၅၀ ဦး တင်ဆောင်လာတဲ့ Airbus A320 ခရီးသည်တင် လေယာဉ် တစ်စီးဟာ ပြင်သစ် နိုင်ငံ တောင်ပိုင်း၊ အဲလ်ပ် တောင်တန်းပေါ်မှာ ပျက်ကျ သွားပါတယ်။

လေကြောင်း ခရီးစဉ် အမှတ် 4U 9525 လေယာဉ်ဟာ ဂျာမန် လေကြောင်း ကုမ္ပဏီ Lufthansa ရဲ့ ကုမ္ပဏီခွဲ Germanwings ပိုင် လေယာဉ် ဖြစ်ပြီး၊ ဘာစီလိုနာ မြို့ကနေ ဒူးဆဲလ်ဒေါ့ဖ် Duesseldorf မြို့ဆီ ဦးတည် ပျံသန်းစဉ် အခုလို ပျက်ကျ ခဲ့တာပါ။

ပြင်သစ်နိုင်ငံ တောင်ပိုင်း ဒီနီ လေ ဘဲန်းဂ် Digne-les-Bains မြို့ အနီးမှာ လေယာဉ် ပျက်ကျ မသွားခင် အချက်ပြ အကူအညီ တောင်းခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ခရီးသည် ၁၄၄ ယောက်နဲ့ လေယာဉ် အမှုထမ်း ၆ ယောက်တို့ အတွက် အသက်ရှင် လွတ်မြောက်ဖို့ မျှော်လင့်ချက် သိပ်မရှိဘူးလို့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပြောပါတယ်။

ကြေကွဲစရာ ကောင်းတဲ့ ဝေဟင် မတော်တဆ ဖြစ်ရပ် နောက်တစ်ခု ထပ် ဖြစ်ခဲ့ရ ပြန်ပါတယ်၊ ဘာ့ကြောင့် ဒီလို ဖြစ်ခဲ့ရတာလဲ ဆိုတာ ဖော်ထုတ်ပြီး သက်ဆိုင်ရာ စပိန်နဲ့ ဂျာမနီ အာဏာပိုင် တွေဆီ အကြောင်းကြားပါ့မယ် လို့လည်း ပြင်သစ် သမ္မတက ပြောပါတယ်။

အဲလ်ပ်တောင်တန်း ပေါ်က ပျက်ကျတဲ့ နေရာကို ပြင်သစ် ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက် နေပါတယ်။

လေယာဉ်ပေါ် ပါသွားသူ အတော်များများဟာ ဂျာမန် လူမျိုးတွေ ဖြစ်ပုံရတယ်လို့ သတင်းတွေက ဆိုပြီး၊ ၄၅ ဦး ကတော့ စပိန် နာမည်တွေ ဖြစ်တယ်လို့ စပိန် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ