ဆိုင်ငယ်တွေမှာ အရက်ရောင်းချမှု အင်ဒို ပိတ်ပင်

ဓာတ်ပုံ မူပိုင် epa
Image caption ဘာလီကျွန်းပေါ်က အရက်သေစာ ရောင်းသူတွေ အတွက် ပျော့ပြောင်းတဲ့ ဥပဒေကို စဉ်စားနေဟု ဆို။

အင်ဒိုနီးရှား နိုင်ငံမှာ အသေးစား ဆိုင်တွေကနေ အရက်သေစာ ရောင်းချမှုကို ပိတ်ပင်တဲ့ ဥပဒေ စတင် အသက်ဝင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံအနှံ့က အရေအတွက် ခုနစ်သောင်း ဝန်းကျင် ရှိတဲ့ ဆိုင်ငယ်လေးတွေမှာ အရက်ရောင်းချခွင့် မရှိတော့ ပေမယ့် စူပါ မားကတ်တွေ၊ ဟိုတယ်တွေနဲ့ စားသောက် ဆိုင်ကြီးတွေမှာတော့ ရောင်းချ နိုင်ပါသေးတယ်။

အသက် ငယ်ရွယ်သူတွေကို အုပ်ထိန်းနိုင်ဖို့ အခုလို ကန့်သတ် ရတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား အစိုးရက ပြောပါတယ်။

မွတ်ဆလင် အများစု နေထိုင်တဲ့ အင်ဒိုနီးရှားမှာ အရက် သောက်သုံးတာကို မနှစ်မြို့မှုက ရှိနေပြီးသား ဖြစ်ပြီး၊ အရက် ရောင်းချမှုကို လုံးဝ ပိတ်ပင်ဖို့ အစ္စလာမ္မစ် နိုင်ငံရေး ပါတီကြီး ၂ ခုက အခု သီတင်းပတ်ထဲမှာပဲ အကြံပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း နယ်ပယ်ကတော့ ဒီဥပဒေကို ကန့်ကွက် ခဲ့ကြပြီး အထူးသဖြင့် ဟိန္ဒူ အများစု ကြီးစိုးတဲ့ ဘာလီ ကျွန်းမှာ အထူးတလည် ဆန့်ကျင် ခဲ့ကြပါတယ်။

ဘာလီကျွန်းဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အဓိက မှီခိုနေရတာ ဖြစ်ပြီး ဒီဥပဒေကြောင့် ကမ်းခြေက အရက် ရောင်းသူတွေပါ ဥပဒေနဲ့ ညိစွန်း ရတော့မယ့် အပြင် ခရီးသွား လုပ်ငန်း တစ်ခုလုံး ထိခိုက်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒါကြောင့် ဘာလီကျွန်း ကမ်းခြေက အရက် ဘီယာ ရောင်းသူတွေ အတွက် ပိုမို ပျော့ပြောင်းတဲ့ လုပ်ထုံးလုပ်နည်းတွေ ကျင့်သုံးသွားဖွယ် ရှိတယ်လို့ အစိုးရ အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ