ဝါရင့် သတင်းစာဆရာမကို တရုတ် ထောင် ၇ နှစ်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ပကို ပေါက်ကြားသွားတဲ့ လျှို့ဝှက် စာတမ်းအတွက် ဂေါင်းယူမှာ တာဝန်ရှိတယ်လို့ တရုတ် အာဏာပိုင်တွေက ပြော။

တရုတ် နိုင်ငံမှာ နိုင်ငံတော် လျှို့ဝှက် စာတမ်း တစ်ခု ပေါက်ကြားမှုနဲ့ ဝါရင့် သတင်းစာ ဆရာမ တစ်ဦးကို ထောင်ဒဏ် ခုနစ်နှစ် ချမှတ် လိုက်ပါတယ်။

အသက် ၇၁ နှစ် အရွယ် သတင်းစာ ဆရာမ Gao Yu ဂေါင်းယူ ဟာ တရုတ် နိုင်ငံရဲ့ လျှို့ဝှက်ချက်တွေကို နိုင်ငံခြားသားတွေဆီ တရားမဝင် ပေးပို့ခဲ့တယ်လို့ ဘေဂျင်းမြို့ တရားရုံးက ပြောပါတယ်။

ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းနဲ့ ပတ်သက်ပြီး တရုတ် အစိုးရက ထုတ်ဖော် မပြောပေမယ့် 'စာတမ်း အမှတ် ၉' လို့ ခေါ်တဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့ နည်းဗျူဟာ ဆိုင်ရာ စာတမ်း ဖြစ်တယ်လို့ ယူဆရပါတယ်။

အဲဒီ စာတမ်းဟာ ဒီမိုကရေစီ စနစ်၊ လူမှု အဖွဲ့အစည်းနဲ့ သတင်း မီဒီယာတွေ အပေါ် ချုပ်ထိန်းမှုတွေ တင်းတင်း ကျပ်ကျပ် လုပ်ဆောင်ဖို့ ဖော်ပြထားတဲ့ စာတမ်း ဖြစ်ပါတယ်။

ဆရာမ ဂေါင်းယူ ကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး အယူခံ ဝင်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ