တောင်အာဖရိကမှာ ဆိုင်တွေ လုယက် ဖျက်ဆီးခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျိုဟန် နက်စ်ဘာ့ဂ် မြို့က နိုင်ငံခြားသားပိုင် ဆိုင်တွေ တိုက်ခိုက်ခံရ

တောင်အာဖရိက နိုင်ငံမှာ အခုတလော နိုင်ငံခြားသားတွေ အပေါ် တိုက်ခိုက်မှုတွေ ဖြစ်ပွား နေရာမှာ ဂျိုဟန် နက်စ်ဘာ့ဂ်မြို့ အရှေ့ပိုင်းက နိုင်ငံခြားသားပိုင် ဆိုင်တွေလည်း တိုက်ခိုက် လုယက် ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၂ ယောက်ကို ဖမ်းဆီး ခဲ့တယ်လို့ ဆိုပြီး၊ ရဲစခန်းမှာလည်း နိုင်ငံခြားသား အယောက် ၂၀၀ ခန့် လာရောက် ခိုလှုံ နေရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံခြားသားတွေ အပေါ် ရန်လို တိုက်ခိုက်မှု တွေကို ကြာသပတေးနေ့က နိုင်ငံ အရှေ့ပိုင်း ဒါဘန်မြို့မှာ ဆန့်ကျင် ဆန္ဒပြ ခဲ့ကြသလို၊ သမ္မတ ဂျက်ကော့ ဇူးမား ကလည်း ရှုတ်ချ ပြောဆို ခဲ့ပေမယ့် အကြမ်းဖက်မှုတွေ အခုလို ဆက်လက် ဖြစ်ပွားခဲ့တာပါ။

နိုင်ငံခြားသားတွေ အပေါ် မုန်းတီး တိုက်ခိုက်မှု တွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း လူ ၅ ယောက် ထက်မနည်း သေဆုံး ခဲ့ပါတယ်။ ဇူလူ လူမျိုးစုတွေရဲ့ အကြီးအကဲ ဘုရင် ဂွတ်ဝေးလ် က နိုင်ငံခြားသားတွေ တောင်အာဖရိက ကနေ ထွက်သွား သင့်တယ်လို့ ပြောဆို ခဲ့ပြီးနောက်မှာ တိုက်ခိုက်မှုတွေ စတင် ဖြစ်ပွားခဲ့တာပါ။

တောင်အာဖရိက နိုင်ငံမှာ ရှိတဲ့ အလုပ်လက်မဲ့ အများစုက နိုင်ငံခြားသား တွေကြောင့် သူတို့ အလုပ်လက်မဲ့ ဖြစ်ရတာလို့ စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ