အကြမ်းဖက်မှု စီစဉ်သူ လူငယ်တွေကို သြစတြေးလျမှာ ဖမ်းဆီး

ဓာတ်ပုံ မူပိုင် none
Image caption သံသယ ရှိသူတွေကို လိုက်လံ စီးနင်း ရှာဖွေ မှုတွေ အများ အပြား လုပ်ခဲ့

သြစတြေးလျ နိုင်ငံ မဲလ်ဘုန်း မြို့မှာ အသက် ၁၈ နှစ်အရွယ် အမျိုးသား တဦးကို အကြံဖက် တိုက်ခိုက်ဖို့ အစီ အစဉ်တွေ လုပ်ခဲ့ မှုနဲ့ စွဲချက် တင်လိုက်ပြီ ဖြစ်ပါ တယ်။

မဲလ်ဘုန်း မြို့မှာ ရဲကနေ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ သံသယ ရှိသူတွေကို လိုက်လံ စီးနင်း ရှာဖွေ မှုတွေ အများ အပြား လုပ်ခဲ့ ပြီးနောက် အခုလို ဒီလူငယ်ကို စွဲချက် တင်လိုက် တာပါ။

နောက်ထပ် လူငယ် တဦးကိုလည်း အလားတူ စွဲချက် တင်ဖို့ ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

အခု ဖမ်းဆီး မိထားတဲ့ သူတွေဟာ ဘာသာရေး ယုံကြည်ချက် မရှိတဲ့ သူတွေ ဖြစ်ပြီး၊ ဘယ် ယဉ်ကျေးမှု ကိုမှ ကိုယ်စားမပြု ဘူးလို့ ဗစ်တိုရီးယား ပြည်နယ် ဝန်ကြီးချုပ် ဒန်နီရယ် အန်ဒရူးစ်က ပြောပါတယ်။

ဒါဟာ ဘယ်မှာ မွေးလို့၊ ဘာကို ကိုးကွယ်တယ် ဆိုတဲ့ ပြဿနာ မျိုး မဟုတ်ပဲ၊ သူတို့ဟာ ယုတ်ညံ့တဲ့ ဒုစရိုက် မကောင်း ဆိုးဝါး တွေသာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရဲ့ လှုံ့ဆော် မှုတွေကြောင့် ဒီ လူငယ် ၂ ဦးဟာ ရှေ့ သီတင်းပတ်ထဲ ကျင်းပဖို့ ရှိတဲ့ ပထမ ကမ္ဘာစစ် အတွင်း တာဝန် ထမ်းဆောင်ရင်း ကျဆုံး သွားခဲ့တဲ့ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံသားတွေကို ဂုဏ်ပြုတဲ့ အန်ဇက်ခ် နေ့ အခမ်းအနားမှာ ရဲ အရာရှိ တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြံရွယ် ခဲ့တာ လို့ စွပ်စွဲ ထားတာ ဖြစ်ပါတယ်။

အရင် နှစ်က ရဲ အရာရှိ ၂ ဦးကို ဓားနဲ့ ထိုးခဲ့ ပြီးနောက် ရဲက ပစ်သတ် လိုက်တဲ့ လူငယ် တဦးနဲ့ ဒီ လူငယ် ၂ ဦး အကြား ဆက်စပ်မှု ရှိနေတယ် လို့လည်း ရဲက ပြောပါတယ်။