အခြေခံ ဥပဒေမူကြမ်းကို ထိုင်းအစိုးရ စတင် ဆွေးနွေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု တွေကို ဆယ်စုနှစ် တစ်ခုနီးပါး တွေ့ကြုံနေခဲ့ရ။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို ထိုင်း စစ်တပ်က ဖြုတ်ချခဲ့တာ တစ်နှစ် ကြာခဲ့ပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နဲ့ ပတ်သက်ပြီး တစ်ပတ် ကြာမြင့်မယ့် အခြေအတင် ဆွေးနွေးမှု တွေကို စစ်တပ်က ခန့်အပ် ထားတဲ့ ပြုပြင် ပြောင်းလဲရေး ကောင်စီက စတင် လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဥပဒေ မူကြမ်းမှာ အာဏာ သိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေကို အရေးယူ ခံရမှုကနေ ကင်းလွတ်ခွင့် ပေးထားတဲ့ အပိုဒ်ငယ် တစ်ခု ပါနေတာနဲ့ ပတ်သက်လို့ အငြင်းပွား စရာတွေ ဖြစ်ပေါ် စေခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက် ခံရခြင်း မရှိသူတွေကိုလည်း ဝန်ကြီးချုပ် အဖြစ် ခန့်အပ်နိုင်တယ် ဆိုတာလည်း အဲဒီ ဥပဒေကြမ်းမှာ ပါဝင် နေပါတယ်။

ဒီဥပဒေကြမ်း အတွက် လူထု ဆန္ဒ ခံယူပွဲ မလုပ်စေဘဲ စစ်တပ်က သူတို့ စိတ်ကြိုက် ရွေးချယ် ထားတဲ့ ပြုပြင် ပြောင်းလဲရေး ကောင်စီမှာသာ ဆွေးနွေး တိုင်ပင်စေမှာ ဖြစ်ပါတယ်။

ပြုပြင် ပြောင်းလဲရေး ကောင်စီက အဲဒီ အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုလိုက်မယ် ဆိုရင်တော့ လာမယ့်နှစ်မှာ ထိုင်းနိုင်ငံကို ဒီမိုကရေစီ နည်းအရ အုပ်ချုပ်မှုဆီ ပြန်သွားနိုင်ဖို့ လမ်းခင်းပေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ