အာဖဂန် အစိုးရသစ် ဖွဲ့စည်းနိုင်ပြီ

ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာ ဂါနီ (ဝဲ)နဲ့ မစ္စတာ အဗ္ဗဒူလာ (ယာ) တို့က အာဖဂန် ညီညွတ်ရေး အစိုးရကို ဦးဆောင်နေ။

အာဖဂန် နစ္စတန် နိုင်ငံမှာ အစိုးရသစ် ဖွဲ့ဖို့ လနဲ့ချီ နှောင့်နှေး နေခဲ့ပြီးနောက် အခုတော့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးသစ် ၁၆ ဦးနဲ့ အတူ သမ္မတ အက်ရှ်ရက် ဂါနီက ကျမ်းသစ္စာ ကျိန်ဆို လိုက်ပြီ ဖြစ်ပါတယ်။

ကာဘူးမြို့မှာ လုပ်ခဲ့တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဝန်ကြီးသစ် အများစုက လူငယ် မျက်နှာသစ်တွေနဲ့ ပညာရှင်တွေ ဖြစ်ပြီး ပထမဆုံး အနေနဲ့ အမျိုးသမီး ၄ ဦးလည်း ဝန်ကြီး အဖွဲ့ထဲ ပါဝင် လာပါတယ်။

ဒါပေမယ့် ညီညွတ်ရေး အစိုးရ အဖွဲ့ထဲ သဘောကွဲလွဲမှုတွေကြောင့် အရေးကြီးတဲ့ ကာကွယ်ရေး ဝန်ကြီး နေရာတော့ လစ်လပ်နေဆဲ ဖြစ်ပါတယ်။

အစိုးရ ဝန်ကြီးအဖွဲ့ ဖွဲ့စည်းရေးမှာ အခုလို ပြဿနာ ပေါ်နေတာဟာ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ ဂါနီနဲ့ ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ မစ္စတာ အဗ္ဗဒူလာကို ဝန်ကြီးချုပ် ရာထူးနဲ့ ညီမျှတဲ့ အုပ်ချုပ်ရေးမှူး ရာထူး ပေးလိုက်ရတဲ့ အတွက် ဖြစ်ပါတယ်။

၇ လ နီးပါး ကြာ ငြင်းခုန် ညှိနှိုင်းခဲ့ကြပြီးနောက် အခုတော့ အာဖဂန် အစိုးရ အဖွဲ့ထဲက ရာထူး ၂၅ နေရာ အနက် ၂၄ နေရာကို ဖြည့်ဆည်း နိုင်ခဲ့ပြီ ဖြစ်လို့ အစိုးရ ရုပ်လုံး ပေါ်လာခဲ့ပြီလို့ ကာဘူးမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ