ဂျပန် ရထားသစ် ကမ္ဘာ့ အမြန်ဆုံး စံချိန်တင်

ဓာတ်ပုံ ရင်းမြစ်, AP
၂၀၂၇ မှာ တိုကျိုနဲ့ နာဂိုယာ အကြား ပြေးဆွဲသွားမယ်လို့ ဆို။
ဂျပန် နိုင်ငံမှာ လျှပ်စစ် သံလိုက်အားနဲ့ မတင်ပြီး သံလမ်းနဲ့ မထိဘဲ ပြေးဆွဲတဲ့ ရထားကို စမ်းသပ် မောင်းနှင် ခဲ့ရာမှာ တစ်နာရီ ၆၀၃ ကီလိုမီတာ အမြန်နှုန်းနဲ့ ကမ္ဘာ့ စံချိန်သစ်ကို ထပ်မံ တင်လိုက် နိုင်ပါတယ်။
ဒီရထားကိုပဲ ပြီးခဲ့တဲ့ အပတ်က စမ်းသပ် မောင်းနှင်ရာမှာတော့ တစ်နာရီ ၅၉၀ ကီလိုမီတာနှုန်း စံချိန် တင်ခဲ့ပါတယ်။
Maglev လို့ အတိုကောက် ခေါ်တဲ့ ဒီရထား အမျိုးအစားသစ်ဟာ လျှပ်စစ်ပါဝါကို အသုံးပြုပြီး ရလာတဲ့ သံလိုက်အားနဲ့ ရထားတွဲတွေကို သံလမ်းပေါ်မှာ မြောက်ကြွစေပြီး ပြေးဆွဲတဲ့ ရထား ဖြစ်ပါတယ်။
ဒီရထားတွေကို လာမယ့် ၂၀၂၇ မှာ တိုကျိုနဲ့ နာဂိုယာမြို့အကြား ပြေးဆွဲသွားဖို့ ဂျပန် ရထား ပို့ဆောင်ရေး ဗဟို အဖွဲ့က ရည်ရွယ် ထားတာပါ။
ကီလိုမီတာ ၂၈၀ ရှိတဲ့ အဲဒီ မြို့နှစ်မြို့ကြား ခရီးကို မိနစ် ၄၀ ခန့်သာ ကြာမြင့်တော့မှာ ဖြစ်ပြီး လက်ရှိ ကြာမြင့်ချိန်ထက် တစ်ဝက်လောက် သက်သာသွားမှာပါ။
ဒါပေမယ့် တကယ် ပြေးဆွဲချိန် မှာတော့ အမြန်ဆုံး အရှိန်ကို တစ်နာရီ ၅၀၅ ကီလိုမီတာ အထိသာ သတ်မှတ် ပြေးဆွဲမှာ ဖြစ်လို့ အခု စံချိန်တင်လိုက်တဲ့ အမြန်နှုန်း အထိကိုတော့ ခရီးသွားတွေ ကြုံတွေ့ စီးနင်းခွင့် ရမှာ မဟုတ်ပါဘူး။
လက်ရှိမှာ အမြန်ဆုံး အဖြစ် သတ်မှတ်ထားတဲ့ ကျည်ဆန် ရထားတွေရဲ့ အမြန်နှုန်းကတော့ တစ်နာရီ ၃၂၀ ကီလိုမီတာ ဖြစ်ပါတယ်။