နီကိုလာ စတာဂျန် ကိုယ်ရေး အကျဉ်း

ဓာတ်ပုံ မူပိုင် AFP
Image caption အက်စ်အန်ပီ ခေါင်းဆောင်နဲ့ စကော့တလန် ဝန်ကြီးချုပ် နီကိုလာ စတာဂျင်။

နီကိုလာ စတာဂျန် ဟာ စကော့ အမျိုးသား ပါတီ (အက်စ်အန်ပီ) ရဲ့ ခေါင်းဆောင် ဖြစ်သလို စကော့တလန် ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

သူမဟာ အက်စ်အန်ပီ ပါတီ ခေါင်းဆောင်ဟောင်းနဲ့ စကော့တလန် ဝန်ကြီးချုပ်ဟောင်း အဲလက်စ် ဆယ်လ်မန်ရဲ့ လက်ထောက် အဖြစ် ရှစ်နှစ် ဆောင်ရွက် ခဲ့ပြီးနောက် ပါတီ ခေါင်းဆောင် ဖြစ်လာသူပါ။

အဲဒီနောက် တစ်ဆက်တည်းမှာ စကော့တလန် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး၊ ဒါဟာ ဆယ်ကျော်သက် အရွယ်ကတည်းက အက်စ်အန်ပီ ပါတီထဲ ဝင်ရောက်ခဲ့သူ မစ် စတာဂျန် အဖို့ သူမရဲ့ နိုင်ငံရေး ခရီးရှည်ကြီးရဲ့ နောက်ဆုံး ပန်းတိုင်ကို ရောက်ရှိ ခဲ့တာလို့လည်း ယူဆနိုင်ပါတယ်။

မစ် စတာဂျန်ကို ၁၉၇၀ ခုနှစ်မှာ အာဗိုင်းမြို့မှာ မွေးပါတယ်။ မပြည့်စုံတဲ့ ပတ်ဝန်းကျင် အခြေအနေ တွေက အဲဒီခေတ် မာဂရက် သက်ချာရဲ့ ကွန်ဆာဗေးတစ် တွေကို တိုက်ခိုက်ဖို့ သူမကို တွန်းပို့စေခဲ့ပြီး ၁၆ နှစ် အရွယ်မှာပဲ အက်စ်အန်ပီ ပါတီဝင် ဖြစ်လာခဲ့ပါတယ်။

ဥပဒေဘွဲ့ ရခဲ့ပြီးနောက် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်၊ သူမ ၂၉ နှစ် အရွယ်မှာ စကော့ ပါလီမန်ထဲကို ရွေးကောက် ခံခဲ့ရပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ အက်စ်အန်ပီ ပါတီရဲ့ လစ်လပ်သွားတဲ့ ခေါင်းဆောင် နေရာအတွက် မစ် စတာဂျန် ဝင်ရောက် အရွေးခံနိုင်တဲ့ အခွင့်အရေး ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ယခင် ခေါင်းဆောင်ဟောင်း အဲလက်စ် ဆယ်လ်မန်က မမျှော်လင့်ဘဲ တစ်ကျော့ပြန် ဝင်အရွေးခံခဲ့တဲ့ အတွက် မစ် စတာဂျန်က ပူးတွဲ လက်မှတ်နဲ့ လက်ထောက် နေရာကပဲ အရွေးခံခဲ့ပါတယ်။

သူတို့ နှစ်ဦးရဲ့ ခေါင်းဆောင်မှုက အောင်မြင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် စကော့ ပါလီမန် ရွေးကောက်ပွဲမှာ အက်စ်အန်ပီ ပါတီက တခြား စကော့ ပါတီတွေထက် အမတ်နေရာ ပိုရခဲ့ပြီး အဲလက်စ် ဆယ်လ်မန်ကလည်း စကော့တလန် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

နောက် ၄ နှစ် အကြာ၊ ၂၀၁၁ စကော့ ပါလီမန် ရွေးကောက်ပွဲမှာလည်း အက်စ်အန်ပီ ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

စကော့တလန် ခွဲထွက်ရေး ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်တဲ့အခါမှာ စကော့တလန် ဝန်ကြီးချုပ်ရဲ့ လက်ထောက် နေရာမှာ ရှိနေခဲ့တဲ့ မစ် စတာဂျန်က တာဝန်ယူ ခဲ့ရပါတယ်။

အဲဒီ ဆန္ဒခံယူပွဲ ရလဒ်က အက်စ်အန်ပီ ပါတီ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ အခါမှာတော့ မစ္စတာ ဆယ်လ်မန်က ပါတီ ခေါင်းဆောင် နေရာနဲ့ စကော့တလန် ဝန်ကြီးချုပ် နေရာတွေကနေ နှုတ်ထွက် ခဲ့ပါတယ်။

ဒါကြောင့် မစ် စတာဂျန်လည်း အက်စ်အန်ပီ ပါတီ ခေါင်းဆောင် ဖြစ်လာသလို တစ်ဆက်တည်းမှာ စကော့တလန် ဝန်ကြီးချုပ်လည်း ဖြစ်လာခဲ့ပါတယ်။

အခု ရွေးကောက်ပွဲဟာ မစ် စတာဂျန် ခေါင်းဆောင် ဖြစ်လာပြီးနောက် ပထမဆုံး ကြုံတွေ့ရတဲ့ ရွေးကောက်ပွဲ ဖြစ်ပေမယ့် စီးပွားရေး ဖွံ့ဖြိုးဖို့နဲ့ မညီမျှမှုတွေကို ပယ်ဖျက်ဖို့ ဆိုတဲ့ သူမရဲ့ အတွေးအမြင် တွေကြောင့် အရှုံးနဲ့ ရင်ဆိုင်ရဖို့ ခဲယဉ်းပါတယ်။

‘ကျွန်မ စကော့တလန် ဝန်ကြီးချုပ် ဖြစ်လာချိန်မှာ အဖြစ်ချင်ဆုံး ကတော့ စကော့တလန်ကို လူတန်းစား အားလုံးအတွက် အောင်မြင်မှု အခွင့်အလမ်းတွေ တန်းတူ ပေးနိုင်တဲ့ နေရာအဖြစ် ဖန်တီးချင်တာပါပဲ’ လို့ မစ် စတာဂျန်က ပြောဖူးပါတယ်။