အင်ဒို သေဒဏ်ကျ အကျဉ်းသားတွေရဲ့ နောက်ဆုံးအချိန်

ဓာတ်ပုံ မူပိုင် AFP
Image caption ထောင်ရှေ့ကို ရောက်လာတဲ့ ဆွေမျိုးတွေကို သတင်းသမားတွေ ဝိုင်းရံနေခဲ့။

အင်ဒိုနီးရှား နိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ကွပ်မျက် ခံကြရတော့မယ့် လူ ၉ ယောက်ရဲ့ နောက်ဆုံး အချိန်မှာ မိသားစုတွေက သွားရောက် တွေ့ဆုံ ခဲ့ကြပါတယ်။

သူတို့ဟာ အင်္ဂါနေ့ ညမှာ ပစ်ခတ် အဆုံး စီရင် ခံရမှာ ဖြစ်တယ်လို့ သူတို့ ဆွေမျိုး မိသားစုတွေက ပြောပါတယ်။

အဖြူရောင် ခေါင်းတလား အလွတ်တွေကို ထောင်ထဲ သယ်လာတဲ့ အချိန်မှာ မိသားစုတွေက အော်ဟစ် ငိုကြွေး ခဲ့ကြပါတယ်။

သေဒဏ် ချမှတ် ခံရသူ ၉ ယောက်မှာ ၈ ယောက်က နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ အဲဒီထဲမှာ သြစတြေးလျ နိုင်ငံသား ၂ ယောက် ပါဝင်ပါတယ်။

သူတို့အတွက် သြစတြေးလျ နိုင်ငံ ကန်ဘာရာ၊ ဆစ်ဒနီ နဲ့ ဘရစ်စ်ဘိန်း မြို့တွေမှာ ဆုတောင်းပွဲတွေ လုပ်ခဲ့ကြပါတယ်။

ဒီလူတွေကို သက်ညှာခွင့် ပေးဖို့ နိုင်ငံတကာရဲ့ မေတ္တာ ရပ်ခံချက်တွေကို အင်ဒိုနီးရှားက လက်မခံဘဲ ကွပ်မျက်မှု ဆက်လုပ်ဖို့ ညွှန်ကြား ခဲ့တာ ဖြစ်ပါတယ်။

သေဒဏ် ချမှတ် ခံထားရသူ နောက်တစ်ဦး ဖြစ်တဲ့ ပြင်သစ် နိုင်ငံသားကတော့ အယူခံ ဝင်ထားဆဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ မူးယစ် ဆေးဝါးကြောင့် နေ့စဉ် လူ ၃၃ ယောက် အသက် ဆုံးရှုံး နေရတယ်လို့ အစိုးရ ကိန်းဂဏန်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ