ဘို​ကို​ဟာ​ရမ်​တွေ​ရဲ့ ကျုး​လွန်​မှု​တွေ​ကို ပြန်ပြော​ပြနေ

_bokoharam_hostages ဓာတ်ပုံ မူပိုင် Nigeria Army
Image caption ကယ်တင် နိုင်လိုက်တဲ့ ကလေး အများစု ဟာ အဟာရ ချို့တဲ့ မှု ဒဏ် ကို ဆိုးဆိုး ရွားရွား ခံ စား နေ ကြရ။

နိုင်ဂျီးရီးနိုင်ငံ မှာ အစ္စလာမ်မစ် လက်နက်ကိုင် ဘိုကိုဟာရမ် တွေ ရဲ့ လက်ထဲ က ကယ်တင် နိုင်ခဲ့တဲ့ အမျိုးသမီး တွေ နဲ့ ကလေး တွေ ရဲ့ ပြန် ပြောပြချက် တွေ အရ သူတို့ကို ဖမ်းဆီး ချုပ်နှောင်ထား တဲ့ စခန်း ရှိရာ နေရာ ကို အစိုးရ စစ်သား တွေ ချည်းကပ် လာ နေစဉ် မှာပဲ ဘိုကိုဟာရမ်တွေ ဟာ ဓားစာခံ တချို့ ကို ကျောက်တုံး နဲ့ အသေပစ် ပေါက် သတ်တာ မျိုး တွေ လုပ်ဆောင် ခဲ့တယ် လို့ ဆိုပါတယ်။

ကယ်တင် နိုင်ခဲ့တဲ့ လူပေါင်း ၇၀၀ ကျော် ထဲ က ပထမအသုတ် အနေနဲ့ လူ ၃၀၀ နီးပါးကို ဘိုကိုဟာရမ်တွေ နောက်ဆုံး ခြေကုပ် ယူထားရာ ဆမ်ဘီဆာ သစ်တောကြီး ထဲက နေ ခေါ်ထုတ်ပြီး အစိုးရ က ဖွင့်ပေးထားတဲ့ ခိုလှုံရေး စခန်း ကို ပို့ဆောင် ပေးခဲ့ ပါတယ်။

အဲဒီ့ စခန်း ကို ရောက် လာကြ သူတွေ က သူတို့ တွေ့ကြုံ ခဲ့ရတာ တွေ ပြန် ပြောနေကြ တာ ဖြစ်ပါတယ်။

အမျိုးသမီး တစ်ဦး ကလည်း ဘိုကိုဟာရမ် တွေ ရဲ့ အကျဉ်း စခန်း တွေ ထဲ မီးဖွား ခဲ့ပြီး ခင်ပွန်း ဖြစ်သူ ကို သူ့ မျက်စေ့ ရှေ့မှောက် မှာ ပဲ ဘိုကိုဟာရမ် လက်နက်ကိုင် တွေ က လည်ပင်း ကို ဓားနဲ့ လှီး ပြီး သတ်ဖြတ် ခဲ့ တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီ့ အမျိုး သမီး ဟာ ကျန် သားသမီး ၃ ဦး နဲ့ လည်း အတူ နေ ခွင့် မရပဲ သီးခြား စီ ခွဲ ထား ခံခဲ့ ရတယ် လို့ လည်း ဆိုပါတယ်။

ဘိုကိုဟာရမ် တွေ ရဲ့ အကျဉ်း စခန်း နေရာ ကို ကိုယ်တိုင် ရောက် ခဲ့တဲ့ AP သတင်း ဌာန ရဲ့ သတင်းထောက် ကတော့ အဲဒီ့ စခန်း ကနေ ကယ်တင် နိုင်လိုက်တဲ့ ကလေး အများစု ဟာ အဟာရ ချို့တဲ့ မှု ဒဏ် ကို ဆိုးဆိုး ရွားရွား ခံ စား နေ ကြရတာ တွေ့ရတယ် လို့ ပြောပါတယ်။

ဒီ အချိန်မှာပဲ နိုင်ဂျီးရီးယား နိုင်ငံ အလယ်ပိုင်း ဝါဆီ ဒေသ က သူတွေ ကတော့ အစိုးရ တပ်တွေ ဟာ အရပ်သားတွေ ကို သတ်ဖြတ်ပြီး ကျေးရွာ တွေ ကို မီးတင်ရှို့ ခဲ့ ကြတယ် လို့ စွပ်စွဲ လိုက် ပါတယ်။

စနေည ပိုင်းက အစိုးရ စစ်တပ် က မော်တော်ယာဉ် တွေ ဟာ ရွာတွေ ဆီ ကို ရောက်လာပြီး မဲမဲမြင်ရာ ပစ်ခတ် ခဲ့ကြတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ပြီးခဲ့ သီတင်း ပတ်တုန်း က အဲဒီ့ ဒေသခံ နွားခိုး ဂိုဏ်း အဖွဲ့ ထဲ က သူတွေ လို့ ယူ ဆ ရသူတွေ ရဲ့ လက်ချက် နဲ့ အစိုးရ စစ်သား ၆ ဦး သေဆုံးခဲ့ ရတဲ့ နောက် ၊ အခုလို ပြန်လည် လက်တုန့် ပြန် တိုက်ခိုက် လာတာ ဖြစ်တယ် ဆိုပြီး ဒေသ ခံ ရပ်မိ ရပ်ဖ တွေ က ယူဆ ထား ကြပါတယ်။

အစိုးရ စစ်ဘက် က ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး ကတော့ အဲဒီ့ စွပ်စွဲ မှု တွေ ကို ငြင်းပယ်လိုက် ပေမယ့်၊ အစိုးရ စစ်ကြောင်း တစ်ခု ဟာ၊ ဘိုကိုဟာရမ် တွေ မဟုတ်တဲ့ တခြား ဒေသခံ လက်နက် ကိုင် အုပ်စု တစ်ခု နဲ့ ရင်ဆိုင် တိုက်ပွဲ တစ်ခု ဖြစ်ခဲ့တယ် လို့ ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ