နီပေါမှာ ဝက်သက်ရောဂါပြန့်မှာ ယူနီဆက်စိုးရိမ်

_bbc_304x171_b
Image caption နီပေါငလျင် ဒုက္ခသည် မိသားစု

ယာယီ ရွက်ဖျင်တဲ တွေ နဲ့ နေထိုင်ရဆဲ ဖြစ်တဲ့ ထောင်သောင်းချီတဲ့ နီပေါ ကလေး တွေ အကြား ဝက်သက် ရောဂါ ပြန်ပွား မှာ ကို ကုလသမဂ္ဂ ယူနီဆက် အဖွဲ့ က စိုးရိမ် နေပါတယ်။ ကလေးငါး သိန်းခန့် ကို ဝက်သက် ကာကွယ်ဆေး ထိုးပေးဖို့ အထူး လိုအပ်နေတဲ့ အကြောင်း နီပေါကျန်းမာရေး ဌာန၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ နဲ့ ယူနီဆက် က လှုံ့ဆော် နေတာပါ။

ငလျင်ဒဏ် မခံရခင် ကတည်းက ကလေး ၁၀ ယောက် မှာ တယောက် ဟာ ကာကွယ်ဆေး မထိုးရသေးပါဘူး။ အခုလို အခြေအနေမျိုး မှာ ပိုပြီး စိုးရိမ် စဘွယ် ကောင်းတာက အိမ်အပြို အပျက်တွေ အနားမှာ ပဲ ဖြစ်သလို တဲထိုး နေထိုင်နေကြတဲ့ အတွက်၊ တကိုယ်ရည် သန့်စင်မှု နဲ့ အညစ်အကြေး စွန့်ပစ်ရာမှာ အခက်အခဲ ရှိနေတဲ့ အတွက် ရောဂါ ပြန်ပွားဖို့ အလွန် လွယ်ကူနေပါတယ်။

ဒါကြောင့် မို့ လာမဲ့ ရက်ပိုင်း အတွင်းမှာ ငလျင်ဒဏ် အပြင်းထန်ဆုံး ခံလိုက်ရတဲ့ ခရိုင်တွေ မှာ ဝက်သက် ကာကွယ်ဆေး စတင် ထိုးပေးမဲ့ အကြောင်း နီပေါနိုင်ငံ ဆိုင်ရာ ယူနီဆက် ကိုယ်စားလှယ် တိုမူး ဟိုဇူမီ က ဘီဘီစီ ကို ပြောပါတယ်။ ကာကွယ်ဆေး ထိုးပေးရုံတင် မကပဲ ရေသန့် နဲ့ ချိုးရေ၊ သုံးရေ ပါ အမြန်ဆုံး စီစဉ်ပေးဖို့ ပြောပါတယ်။

ကုလသမဂ္ဂ ဘက်ကလည်း နီပေါ အစိုးရ ဟာ လိုအပ်တဲ့ အရေးပေါ် ပစ္စည်း တွေ လိုအပ်တဲ့ သူတွေဆီ အမြန်ဆုံး ရောက်ရှိရေး အပိုင်းမှာ မလိုအပ်တဲ့ ဗြူရိုကရေစီ စံနစ်တွေ ကြောင့် နှောင့်နှေး ကြန့်ကြာနေတယ် လို့ ဆိုပါတယ်။ နီပေါ ပြန်ကြားရေး ဝန်ကြီး မီနင်ဒြာ ရီဂျာ ကလည်း သူတို့ အာဏာပိုင် အဖွဲ့အစည်း အနေနဲ့ လည်း အခက်အခဲ မျိုးစုံ ကြုံတွေ့ နေရချိန် မှာ အကောင်းဆုံး ဆောင်ရွက်နေပါတယ် လို့ ဘီဘီစီ ကိုပြောပါတယ်။

နီပေါ လို အခြေခံ အရင်းအမြစ် ဆင်းရဲတဲ့ နိုင်ငံ အနေနဲ့ အစိုးရ ရဲ့ အားထုတ်မှု တွေ အပေါ်မှာ ဝေဖန် အပြစ်တင် ခံနေ ရပေမဲ့ အခုလို အရေးကြီးတဲ့ အချိန်မှာ ပြစ်တင်စကား ပြောနေမဲ့ အစား အထူးအာရုံစိုက်ပြီး စာနာစိတ် နဲ့ ဝိုင်းဝန်း လက်တွဲ ကြဖို့ လိုတဲ့ အကြောင်း၊ လူတွေ အားလုံးဟာ အားမလို အားမရ ဖြစ်နေကြတာကိုလည်း သူတို့ နားလည် သလို စိတ်ပျက်၊ စိတ်ဓါတ်ကျနေလို့တော့ ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး လို့ ပြောတာပါ။

အခုဆိုရင် ထောက်ပံ့ရေး ပစ္စည်းတွေ ဟာ လည်း လေကြောင်း ကတဆင့် ဝင်လာတဲ့ အထဲမှာ ကျန်းမာရေး ဆိုင်ရာ ဆေးဝါး အသုံးအဆောင်၊ ခြုံစောင်၊ ရွက်ဖျင်တဲ တွေ ပါဝင်ပါတယ်။ ဒါတွေ ကို ဝေးသီခေါင်တဲ့ အရပ်နဲ့ အရောက်အပေါက် ခဲယဉ်းတဲ့ ဒေသတွေ ဆီ ဦးစားပေး ပို့နေပါပြီ။ ဒါ့အပြင် ယူနီဆက် က လာမဲ့ သုံး လ အတွင်းမှာ ကုလ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း ဒေါ်လာ သန်း ၅၀ ထောက်ပံ့ဖို့ နှိုးဆော် မေတ္တာ ရပ်ခံထားပါတယ်။