ဘယ်ပါတီမှ အပြတ်မနိုင်ရင် ဘယ်လို အစိုးရ ဖွဲ့ကြလဲ

uk election ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်ရှင် ဘယ်သူဖြစ်မလဲ မသိရတဲ့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်

ဗြိတိသျှ ပါလီမန် ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီ တခုခု အစိုးရ ဖွဲ့ နိုင်လောက် အောင် မဲ အသာစီး ရမလာ ခဲ့ဘူး ဆိုရင် ရွေးကောက်ပွဲ မှာ အမတ် နေရာ ၆၅ဝ မှာ ၃၂၆ နေရာ မှ မရ တဲ့ အခြေ အနေ ကို Hung Parliment ဖြစ် သွားတယ် လို့ ခေါ် ပါတယ်။

ဒီလို အခြေအနေ ကြုံလာရပြီ ဆိုရင် နိုင်ငံရေး ပါတီ တွေ ကြား ဆွေးနွေး ညှိနှိုင်း မှု တွေ အသည်းအသန် လုပ်ကြ ရပါတယ် ။

ကွန်ဆာဗေးတစ် ခေါင်းဆောင် ဒေးဗစ် ကင်မရွန် ဝန်ကြီးချုပ် နေရာ ဆက် ယူနိုင်မလား၊ လေဘာ ပါတီ ခေါင်းဆောင် အက်ဒ် မီလဘန် ပဲ ဝန်ကြီးချုပ် သစ် ဖြစ်လာ မလား အဆုံးအဖြတ် ပေးမယ့် ညှိနှိုင်း မှု တွေ လို့ ပြောရမှာပါ။

အဲဒိ ပါတီ ကြီး ၂ ခုထဲ က တခုခု အစိုးရ ဖွဲ့နိုင်တဲ့ ပါလီမန် နေရာ အင်အား ရှိလာ အောင် ကျန် ပါတီ တခုခု က ပူးပေါင်း ချင် လာ အောင် နိုင်ငံရေး မူဝါဒ ပိုင်း ဆိုင်ရာ တွေ ကို ညှိနှိုင်း ကြရမှာ ဖြစ်ပါတယ်။

၂ဝ၁ဝ အတွေ့အကြုံ အရ ကွန်ဆာဗေးတစ် ပါတီ ဟာ လစ်ဘရယ် ဒီမိုကရက် နဲ့ ပေါင်းပြီး ညွန့်ပေါင်း ဖွဲ့နိုင်ဖို့ ၅ ရက်ပဲ အချိန် ယူခဲ့ပါတယ်။

ဒီတခေါက် အလားတူ အခြေအနေ ကြုံလာရရင် ၅ ရက် ထက် ပို အချိန်ယူ ဆွေးနွေး ကြရနိုင်တယ် ဆိုပြီး ကျွမ်းကျင်သူ တွေ က ခန့် မှန်း ထားကြပါတယ်။

ပါလီမန် အသစ် ပထမဆုံး အကြိမ် ခေါ်ယူရမယ့် ရက် က မေလ ၁၈ ရက်နေ့ပါ။

အဲဒိရက် မတိုင်ခင် လက်ရှိ ဝန်ကြီးချုပ် ကင်မရွန် ရာထူး က မနှုတ်ထွက်ရ အောင် နောက်ထပ် ညွန့်ပေါင်း အစိုးရ တရပ် ဖွဲ့ နိုင်ဖို့ ကြိုးစား ရမှာပါ။

ဒီလို ညှိနှိုင်းမှု တွေ လုပ်နေချိန်မှာ လက်ရှိ ဝန်ကြီးချုပ် ကိုပဲ အစိုးရ အကြီး အကဲ အနေနဲ့ သတ်မှတ် ရပါတယ်။

ထီးနန်းနဲ့ မဆိုင်စေရ

ဘုရင်မကြီး နဲ့ ဗြိတိန် ထီးနန်းဟာ ပါတီ နိုင်ငံရေး မှာ ပါဝင် ပတ်သက်မှု မလုပ်ဘူး ဆိုပြီး ပဋိညာဉ် ခံထားရပြီး ဖြစ်ပါတယ် ။

ဘယ်လို အခြေအနေ မျိုးမှာ မှ ဘုရင်မကြီး အနေနဲ့ ဘယ်သူ ဝန်ကြီးချုပ် ဖြစ်ရမယ် ဆိုပြီး ရွေးချယ် ပေးမှာ မဟုတ်ပါဘူး။

နိုင်ငံရေး ပါတီ ခေါင်းဆောင် ကသာ သူ့ အနေနဲ့ အစိုးရ တရပ် ဖွဲ့နိုင်တဲ့ အခြေ အနေ ရှိပြီ ဆိုပြီး ဘုရင်မကြီး ကို အစဉ်အလာ အရ အကြောင်း ကြားတဲ့ အခါမှ ဘုရင်မကြီး က ဖွဲ့ခွင့် ပေးတာ ဖြစ်ပါတယ်။

ဒါမျိုး သေချာပေါက် မဖြစ်နိုင်ဘူး လို့ မပြောနိုင် ပေမယ့် ဖြစ်ဖို့ အလားအလာ နည်းတယ် ဆိုပြီး သုံးသပ်နေကြ ပါတယ် ။

ပါတီကြီး ၂ ခု က သူတို့နဲ့ ပူးပေါင်းဖို့ အပြိုင် ဆွယ်ကြရမယ့် ပါတီ ငယ် တွေ မှာလည်း အလေးပေး ဆောင်ရွက်ချင် တဲ့ မူဝါဒ တွေ ကိုယ်စီ ရှိ နေပါတယ်။

ဒီ တော့ ကွန်ဆာဗေးတစ် နဲ့ လေဘာ ပါတီတွေ ဘယ်လောက် ထိ ကိုယ့် မူဝါဒ ကို အလျှော့အတင်း လုပ် နိုင်မလဲ ဆိုတဲ့ အပေါ် အဓိက မူတည် နေပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ