မူးယစ်ဆေးအမှု သေဒဏ်ပေးမှု ဂျက်ကီချန်း ထောက်ခံ

ဓာတ်ပုံ မူပိုင် AP
Image caption ဂျက်ကီချန်းရဲ့သား ဂျေစီချန်း ထောင်ဒဏ် ၆ လ ချမှတ် ခံခဲ့ရ။

စင်ကာပူ နိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဂုဏ်ထူးဆောင် သံအမတ် အဖြစ် ခန့်အပ် ခံထားရတဲ့ ဟောင်ကောင် မင်းသား ဂျက်ကီချန်းက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တချို့ တရားခံတွေ အပေါ် သေဒဏ် ချမှတ်တာကို ထောက်ခံတယ်လို့ ပြောပါတယ်။

ကွန်ဖူး မင်းသား ဂျက်ကီချန်းက သူ့ရဲ့ သားဖြစ်သူ ကိုယ်တိုင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခဲ့တာကို သိခဲ့ရချိန်က အလွန် ရှက်မိပြီး စိတ်ဆိုးမိတယ် လို့လည်း ပြောပါတယ်။

သူ့ရဲ့ သား ဂျေစီချန်းဟာ အခုနှစ် စောစောပိုင်းက မူးယစ်ဆေးဝါး လက်ဝယ် တွေ့မှု၊ မူးယစ်ဆေး သုံးစွဲသူတွေကို နေရာပေးမှု တွေနဲ့ တရုတ်နိုင်ငံမှာ ထောင်ဒဏ် ၆ လ ချမှတ် ခံခဲ့ရပါတယ်။

သူ့မိသားစုမှာ ဒီလို အဖြစ်မျိုး ဖြစ်လာမယ် ဆိုတာ ဘယ်တုန်းကမှ မတွေးမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးဟာ လူငယ်တွေကို ပျက်စီးစေတာတင် မကဘဲ သူတို့ရဲ့ မိသားစုတွေကိုပါ ထိခိုက် နစ်နာစေကြောင်း မင်းသား ဂျက်ကီချန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဂျက်ကီချန်းဟာ စင်ကာပူ နိုင်ငံရဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး ဆိုင်ရာ ပထမဆုံး သံအမတ် ဖြစ်သလို၊ ၂၀၀၉ ခုနှစ် ကလည်း တရုတ် ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေး ထိန်းချုပ်ရေး သံအမတ် အဖြစ် ခန့်အပ် ခံခဲ့ရပါတယ်။