ရုရှားရောက် ဂျွန်ကယ်ရီ၊ ပူတင်နဲ့ ဆွေးနွေးဖို့ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုတိယ ကမ္ဘာစစ် အောက်မေ့ဖွယ် ပွဲမှာ ကယ်ရီနဲ့ လက်ဗ်ရော့ဗ် ပန်းခွေချခဲ့။

ယူကရိန်း ပဋိပက္ခတွေ စတင်ခဲ့တဲ့ ၂၀၁၄ နှစ်ဆန်း ကာလ နောက်ပိုင်းမှာ ပထမဆုံး ခရီးစဉ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ရုရှား နိုင်ငံကို ရောက်ရှိ နေရာမှာ ရုရှား သမ္မတ ပူတင်နဲ့ တွေဆုံဖို့ ရှိနေပါတယ်။

မစ္စတာ ကယ်ရီရဲ့ ခရီးစဉ်ဟာ အပြုသဘော ဆောင်ပြီး ဆိုချီမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ ရုရှား သမ္မတ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ပြင်ဆင်ထားကြောင်း မစ္စတာ ပူတင်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

အစောပိုင်းကတော့ မစ္စတာ ကယ်ရီက ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လက်ဗ်ရော့ဗ်နဲ့ တွေ့ဆုံခဲ့သလို ဒုတိယ ကမ္ဘာစစ် အောက်မေ့ဖွယ် အခမ်းအနားမှာလည်း အတူတကွ ပန်းခွေ ချခဲ့ကြပါတယ်။

မစ္စတာ ကယ်ရီနဲ့ သမ္မတ ပူတင်တို့ ဆွေးနွေးပွဲမှာ နိုင်ငံတကာ ထိပ်တန်း ပဋိပက္ခတွေ ဖြစ်တဲ့ ယူကရိန်းနဲ့ ဆီးရီးယား ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ ရုရှား အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။

ယူကရိန်းပိုင် ခရိုင်းမီးယားကို ရုရှားက ဖဲ့ယူခဲ့မှုနဲ့ ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေကို ရုရှားက ထောက်ပံ့ခဲ့မှု တွေကြောင့် ဝါရှင်တန်နဲ့ မော်စကို တို့ရဲ့ ဆက်ဆံရေး သိသိသာသာ ဆိုးရွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ