မြေထဲပင်လယ် ဖြတ်ကျော်လာတဲ့ ဒုက္ခသည် အရေး

_eu_migrants_30 ဓာတ်ပုံ မူပိုင် ap
Image caption ဥရောပဘက် ပြေးလာတဲ့ ဒုက္ခသည်များ

ဥရောပ ဘက် ကို လစ်ဗျား၊ ဆီးရီးယား စတဲ့ နိုင်ငံတွေက ပြည်တွင်းစစ် ဒဏ်ကြောင့် မြေထဲပင်လယ် ကိုအသက်စွန့် ကူးလာ ကြတဲ့ ဒုက္ခသည် တွေ ရှိသလို၊ ဆင်းရဲ တဲ့ အာဖရိက နိုင်ငံ တွေ က သေမထူး နေမထူး ဘဝကြောင့် ကူးလာသူ တွေ လည်း ရှိကြပါတယ်။ ဒါပေမဲ့ လူမှောင်ခို ဂိုဏ်း တွေ ရဲ့ လက်ထဲ သက်ဆင်း ကြရတဲ့ အတွက် အခု နှစ်လယ်ပိုင်း တောင် မရောက်မီ လူပေါင်း ၂၀၀၀ နီးပါး မြေထဲပင်လယ်ထဲ မှာ အသက်ဆုံး ကြရတဲ့ အကြောင်း ဥရောပ သမဂ္ဂ က ပြောပါတယ်။ ဥရောပ ဘက် ဦးတည် လာသူပေါင်း ခြောက်သောင်း ကျော် ရှိတဲ့ အကြောင်း လည်း ဆိုပါတယ်။

ဒီပြဿနာ ကို မနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ ဥရောပ သမဂ္ဂ ရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ ဖယ်ဒရီကာ မိုဂါရီးနီ က ဥရောပ ရဲ့ ဦးစားပေး အစီအစဉ် က လူ့အသက်တွေ ကယ်ရမှာ ဖြစ်သလို လူမှောင်ခို ဂိုဏ်းတွေ ကိုလည်း ပ ပျောက်အောင်လုပ်ဆောင်ဖို့ လိုကြောင်း ပြောပါတယ်။

လူမှောင်ခို ဂိုဏ်းတွေ ဟာ မျှော်လင့်ချက်တွေ ကို ရောင်းစား ကြပေမဲ့ မျှော်လင့်ချက် အစား သေခြင်းတရား ကို လက်ဆင့်ကမ်းနေ ကြတဲ့ အကြောင်း၊ ဒီပြဿနာ ကို ရင်ဆိုင်ဖြေရှင်းမှု မပြုဘူး ဆိုရင် လူ့သိက္ခာ အဆင့်မရှိတဲ့ အနေအထားရောက် မှာ ဖြစ်သလို ဒီလိုပြောလို့ ကယ်ဆယ်လိုက်တဲ့ လူတွေ ရဲ့ ပြဿနာ ကို လစ်လျူရှု လို့ ရပြီ လို့လည်း မှတ်ယူလို့ မရသေးပါဘူး လို့ ဆိုတာပါ။

ဒီတော့ကာ လူမှောင်ခိုဂိုဏ်းတွေ ကို နှိမ်နင်းအရေးယူ ပြီ ဆိုပါစို့။ စစ်တပ်အကူအညီ တောင်းခံဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကုလအတွင်းရေးမှူးချုပ် ရဲ့ ရွှေ့ပြောင်းသွားလာသူများ ဆိုင်ရာ အထူးကိုယ်စားလှယ် ပီတာ ဆပ်သလင်း က စစ်ရေးဆိုင်ရာ လှုပ်ရှားမှု ပါလာရင် ပြဿနာတွေ ပိုရှုပ်ထွေးလာနိုင်တယ် လို့ ထောက်ပြပါတယ်။

စစ်ဘက်ဆိုင်ရာ အကူအညီတောင်းခံ ပြီဆိုရင် နိုင်ငံတခု ရဲ့ အချုပ်အချာ ပိုင်ဆိုင်မှု၊ ဥပဒေ စိုးမိုးမှု၊ နိုင်ငံတခုချင်း စီရဲ့ အခွင့်အရေး စတာတွေ အကျုံးဝင် လာမှာလည်း ထည့်တွက်ဖို့ လိုတဲ့ အတွက် လောလောဆယ် ဒီပြဿနာ ကို ဘယ်လိုဖြေရှင်းရင် ကောင်းမလည်း ဆိုတာ ကို အလေးအနက်ထား ဆွေးနွေး ဖို့ လိုတဲ့ အကြောင်း ပြောတာပါ။