ငလျင်ဒဏ် ထပ်မံခံရတဲ့ နီပေါအပြင် အိန္ဒိယအဆစ်ပါ

_nepal_new_quake
Image caption နီပေါမှာ ငလျင်ထပ်မံလှုပ်

ဒေသ စံတော်ချိန် မနေ့ နေ့လယ် နီပေါနိုင်ငံ မြို့တော် ခတ္တမ္ဒူ နဲ့ အရှေ့မြောက် အရပ် နမ်ချီ စျေးမြို့ အနီး ကို ဗဟိုပြု လှုပ်ခတ် သွားရာမှာ ငလျင်လှုပ်ချိန် ဟာ သိပ်မကြာလိုက်ပေမဲ့ နောက်ဆက်တွဲ ငလျင် တွေ ဆက်လှုပ် နေ လို့ ဧပြီလ ၂၅ ရက် ငလျင် နဲ့ နှိုင်းဆာ ရင် မပြင်းလှပါဘူး။ ဒါပေမဲ့ လတ်တလော စရင်း အရ လူပေါင်း အနည်းဆုံး ၅၀ သေဆုံး ကြပါတယ်။

ငလျင်လှုပ်တဲ့ နေရာ ဟာ ဧဝရက်တောင် နဲ့လည်း နီးကပ်နေလို့ ဒီဒေသ တဝိုက်မှာ နေအိမ် နဲ့ တည်းခိုခန်းတွေ အများအပြား ပြိုကျ ပျက်စီး တဲ့ အကြောင်း ဘီဘီစီ နီပေါဌာန မှ နာဗင်ဆင်း ခဒ်ကာ က ပြောပါတယ်။ တောင်တက် ခရီးသွားတွေ တော့ အနည်းအကျဉ်း ရှိနေပါတယ်။

ခတ္တမ္ဒူ မှ UNICEF အရာရှိ ရူပါ ဂျိုရှီ ကလည်း လူတွေဟာ တနေ့တနေ့ ဘာဖြစ်မလည်း ဆိုတာကိုပဲ စိုးရိမ်နေကြ တဲ့ အကြောင်း၊ ပထမ ငလျင်ကြောင့် ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းမပြီးခင် အခု ထပ်ဖြစ်လို့ ပစ္စည်း ထောက်ပံ့ ဝေငှ ရေး အပိုင်း မှာ အခက်အခဲ ရှိနိုင် တဲ့ အပြင် ဒီကြားထဲ မှာ ငလျင် ဒဏ်ကြောင့် လမ်းတွေ ကွဲအက် ပြိုကျခဲ့ရင် လိုအပ်တဲ့ နေရာတွေ ဆီ အရောက် ပို့နိုင်ဖို့ ခဲယဉ်း သွားနိုင်ပါတယ် လို့ ဆိုပါတယ်။

ငလျင်ဗဟိုချက်မ ဟာ မြေအောက် ၁၀ မိုင်နီးပါး မှာ စတင်လှုပ်တဲ့ အတွက် ပြီးခဲ့တဲ့ ငလျင် စတင်တဲ့ နေရာ နဲ့ တူတဲ့ အကြောင်း၊ ဒါကြောင့်မို့ နောက်ဆက်တွဲ ငလျင်တွေ ဟာ ဆက်တိုက်ဖြစ်ပေါ် နေလို့ မြေပြင်မှာ အပျက်အစီး ပိုများစေတဲ့ အကြောင်းကို အမေရိကန် ဘူမိဗေဒ လေ့လာတိုင်းတာရေး အဖွဲ့ က ပြောပါတယ်။

မနေ့ က ငလျင် ဟာ နီပေါနိုင်ငံ အပြင် အိန္ဒိယ၊ ဘင်းဂလားဒေ့ရှ်၊ တိဘက် တရုတ် နိုင်ငံ အထိ သက်ရောက် လှုပ်ခတ်မှု ရှိခဲ့ပါတယ်။ အိန္ဒိယ ဒေလီမြို့ခံ တွေ ပြောပြချက် အရ ဆိုရင် သူတို့ အလုပ် လုပ်ချိန်မှာ ငလျင်လှုပ်မှန်း သိလိုက်ရတာ ပါ။ ပစ္စည်းတွေ အကုန် ပြုတ်ကျကုန်လို့ ပါပဲ လို့ ပြောသလို ကျောင်းသားလေးတွေ ကလည်း ပထမ တော့ မသေချာဘူး နောက်မှ တကယ်လှုပ်မှန်းလည်းသိရော အားလုံးဟာ ကျောင်ခန်းတွေ ထဲကနေ အပြင် ထွက်ပြေး ကြပါတယ် လို့ ပြောပါတယ်။

အခုဆို အိန္ဒိယ မှာ ၁၇ ဦးခန့် သေဆုံးပြီး တိဘက်မှာ တဦး သေကြောင်း တရုတ်အရာရှိတွေ ပြောတာကို ဘီဘီစီ သတင်းထောက် ရစ်ချတ်ဂယ်လ်ပင် က ပြောပါတယ်။