ဘူရွန်ဒီ သမ္မတ ပြည်တော် ပြန်လို့ မရ

Nkurunziza ဓာတ်ပုံ မူပိုင် AFP
Image caption အာဏာသိမ်း ခံရတဲ့ ဘူရွန်ဒီ သမ္မတ Nkurunziza

အာဖရိက အလယ်ပိုင်းက ဘူရွန်ဒီ နိုင်ငံ ကလေးမှာ ဆယ်နှစ်ကြာ အုပ်ချုပ်လာတဲ့ နိုင်ငံ သမ္မတ Nkurunziza က တတိယ သက်တမ်း ဆက်အရွေးခံဖို့ ကြိုးစားတာကို တပ်မတော် ခေါင်းဆောင် တချို့က သဘောမတူဘဲ မနေ့က အာဏာသိမ်းလိုက်လို့ ခုတော့ သမ္မတ ပြည်တော် ပြန်လို့ မရဘဲ အစည်းအဝေး သွားတက်နေတဲ့ တန်ဇင်းနီးယား နိုင်ငံမှာ သောင်တင်နေပြီ လို့ သိရပါတယ်။

မနေ့က အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် Bujumbura မြို့တော် လမ်းမတွေမှာ ထောင်နဲ့ချီတဲ့ လူထုတွေ ထွက်လာပြီး အောင်ပွဲ ခံခဲ့ကြ ပါတယ်။

တချိန်ထဲမှာပဲ သမ္မတ ဆန့်ကျင်ရေး ဆန္ဒပြ နေကြတဲ့ လူအုပ်ကြီးက အကျဉ်းထောင်ကို ဝင်စီးပြီး ဖမ်းဆီး ထားတဲ့ ဆန္ဒပြသူတွေကို လွှတ်ပေးပြီး ထောင်ကို မီးတင် ရှို့ ခဲ့ကြ ပြီး မနေ့ည က Bujumbura မြို့တော် အလယ်မှာ သေနတ်သံတွေ ကြားခဲ့ရ ပါတယ်။

ဘူရွန်ဒီ ရဲ့ ရှေ့ရေးက ခန့်မှန်းရ ခက်တဲ့ အနေအထား ရောက် နေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် Niyombare က တပ်သား အားလုံးရဲ့ ထောက်ခံမှု ရအောင် ဘယ်လို ထိန်းထား မလဲ ဆိုတဲ့ အချက်က သိရခက်နေပါတယ်။

၁၂ နှစ်ကြာ ပြည်တွင်းစစ်ကြီး သွေးချောင်းစီး အောင် ဖြစ်ခဲ့တဲ့ ဘူရွန်ဒီမှာ တွတ်ဆီနဲ့ ဟူတူ မျိုးနွယ်စု တွေကြား တပ်တွင်း ကွဲပြားမှုတွေ ရှိပါတယ်။

ဟူတူ သူပုန် ဟောင်း တွေက အာဏာရ ပါတီ အစိုးရ ကို သစ္စာ စောင့်တယ်လို့ ယူဆ ရပြီး တွတ်ဆီ ကြီးစိုးတဲ့ မူလ စစ်တပ်က လူတွေက အတိုက်အခံ ဘက်ကို ယိမ်းတယ် လို့ ယူဆ ကြတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ တချိန်က သမ္မတရဲ့ လူယုံလို့ ယူဆ ခဲ့တဲ့ ဗိုလ်ချုပ် Niyombare အာဏာသိမ်းမှု ကို အံ့အား သင့်ကုန်ကြပါတယ်။

ဗိုလ်ချုပ် Niyombareရေဒီယိုကနေ အာဏာသိမ်းကြောင်း ကြေညာ ခဲ့တုန်း ကတော့ သမ္မတ Nkurunziza ရဲ့တတိယ သက်တမ်း ဆက်မယ့် အကြံကို လူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်လို့ အစိုးရကို ဖယ်ရှားလိုက်တာ၊ သူတို့ အနေနဲ့ အမျိုးသား ညီညွတ်ရေးနဲ့ တရားမျှတ အေးချမ်းတဲ့ ရွေးကောက်ပွဲတွေ ကျင်းပ နိုင်ဖို့ ကြိုးစား အားထုတ် သွားမယ် လို့ ကြေညာ ခဲ့ပါတယ်။

Image caption ဘူရွန်ဒီ နိုင်ငံသား တွေ နယ်စပ်ဖြတ်ပြီး ထွက်ပြေး

နိုင်ငံတွင်း ဆန္ဒပြ မငြိမ်မသက်မှု တွေက ဧပြီ လ ကုန်ခါနီး ထဲက ဖြစ်ပွား နေပြီး လူ ၂ဝ ကျော် သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ထောင်သောင်း ချီတဲ့ ဘူရွန်ဒီ နိုင်ငံသား တွေ နယ်စပ်ဖြတ်ပြီး ထွက်ပြေး ခဲ့ကြ ရပါတယ်။

ခုချိန်ထိ သမ္မတ အိမ်တော် စောင့် တပ်တွေက သမ္မတ ကို သစ္စာ ခံတုန်းလို့ ယူဆ ရပါတယ်။

ဘူရွန်ဒီကို ပြည်ပ လေယာဉ်တွေ အတက်အဆင်း မရှိတော့ ဘဲ နယ်စပ်နဲ့ လေဆိပ် တွေကို ပိတ်ထားလိုက်ပါတယ်။

ဘူရွန်ဒီ ကို နိုင်ငံတကာက ဂရုစိုက် ကြည့်နေကြပြီး အမေရိကန် အစိုးရ အနေနဲ့ ပူပန် စိုးရိမ်မှု တွေ ရှိတယ်လို့ လက်ထောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Linda Thomas Greenfield က ပြောပါတယ်။

သွေးထွက်သံယို ပစ်ခတ်မှု တွေကို အဆုံးသတ်ကြဖို့ ဘူရွန်ဒီ က နိုင်ငံရေး အင်အားစု တွေကို မစ္စ Greenfield က ပန်ကြားခဲ့ပါတယ်။ ဘူရွန်ဒီ အာဏာပိုင် တွေ အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းက မသွေဖီ ကြဖို့လည်း အမေရိကန် အိမ်ဖြူတော်က တောင်းဆို ခဲ့ပါတယ်။

ဘူရွန်ဒီ အကျပ်အတည်းကို ဖြေရှင်းဖို့ တန်ဇင်းနီးယား ကို သမ္မတ Nkurunziza အစည်းအဝေး သွားတက်နေတုန်း အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့တာပါ ။

ဒီသတင်းနဲ့ပတ်သက်သမျှ