ပါလ်မိုင်ရာ မြို့ဟောင်း IS သိမ်းပိုက်

palmyra
Image caption ကျောက်တိုင် ကျောက်မုခ်ဦးတွေ နဲ့ မြို့ဟောင်းကြီး

IS အစ္စလာမ္မစ် နိုင်ငံတပ်က အရှေ့အလယ်ပိုင်းက အကြီးဆုံး ရှေးဟောင်း အမွေအနှစ် နေရာ ဖြစ်တဲ့ ဆီးရီးယား က ပါလ်မိုင်ရာ မြို့ဟောင်းကို ထိန်းချုပ် နိုင်သလောက် ရှိနေပါပြီ။

ယူနက်စကို အဖွဲ့ က အရေးကြီးတဲ့ ကမ္ဘာ့ မှတ်တိုင် ဌာန တခု အဖြစ် သတ်မှတ် ထားတဲ့ ဒီမြို့ဟောင်းကို စစ်သွေးကြွတွေ ဖျက်ဆီးမှာ ကို စိုးရိမ်နေကြပါတယ်။

အရင်ကလည်း အီရတ် နိုင်ငံမှာ အစ္စလာမ်ဘာသာ မထွန်းကားမီ ခေတ်တွေက Hatra နဲ့ Nimrud တို့လို ရှေးဟောင်း ယဉ်ကျေးမှု မြို့တော်ကြီး တွေကို IS တွေက ဖျက်ဆီး ပစ်ခဲ့ဖူးပါတယ်။

ပါလ်မိုင်ရာ မြို့ဟောင်းကြီး ဟာလည်း ကျောက်တိုင်တွေ ကျောက်မုခ်ဦးကြီးတွေ နဲ့ အတိပြီးတဲ့ မြို့ဟောင်းကြီးပါ။

ခရစ်တော် မပေါ်မီ တရာစု ကနေ တည်ထောင်လာခဲ့ပြီးတဲ့နောက် ရောမ ခေတ်မှာ ထင်ရှား ကြီးကျယ် လာခဲ့ပါတယ်။ နောက်ပိုင်း ဒီမြို့ကနေ လက်နက် နိုင်ငံကြီး တခု ကို တူရကီ ကနေ အီဂျစ် ထိ ဖြန့်ကျက် အုပ်စိုး ခဲ့ပါသေးတယ်။

ခုထက်ထိ မြို့ရဲ့ တပိုင်းတစလောက်ကိုပဲ တူးဖော်နိုင်သေးတာ ဖြစ်ပါတယ်။ မြို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှု လက်ကျန် ပစ္စည်းတွေက အပေါ်ယံမှာတင် သဲနဲ့ဖုံးအုပ်နေတာမို့ လုယက် ဖျက်ဆီးခံရတဲ့ အန္တရာယ်နဲ့ နီးစပ် လှပါတယ်။

ဒါကြောင့် ဒီမြို့ကြီးကို IS တွေများ ဖျက်ဆီး ပစ်လိုက် ရင် အရှေ့အလယ်ပိုင်းရဲ့ ရှေးဟောင်း ယဉ်ကျေးမှု သမိုင်းတွေ ပျောက်ပျက်ကုန်မှာ ကို စိုးရိမ် နေကြတာပါ။

စစ်သွေးကြွတွေ ထိန်းချုပ် ထား

ပါလ်မိုင်ရာနားက တဒ်မျူး မြို့မြောက်ပိုင်း ကိုလည်း စစ်သွေးကြွတွေ ထိန်းချုပ် ထားပြီလို့ သိရပါတယ်။

ပါလ်မိုင်ရာ မြို့ကို အစိုးရ ဘက်ကရော IS တွေ ကပါ အကြီးအကျယ် ဗုံးကြဲ ခံရတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

မြို့တောင်ပိုင်းက ယဉ်ကျေးမှု မှတ်တိုင် တွေထဲက ရာနဲ့ချီတဲ့ ရုပ်တုတွေကို ရွှေ့ပြောင်းနိုင်ခဲ့ပေမယ့် ကျောက်တိုင်ကြီးတွေကိုတော့ မရွှေ့နိုင်ခဲ့ပါဘူး။

ဒီအမွေအနှစ်တွေ ကို ကာကွယ်ဖို့ IS တွေကို အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်း တပ်တွေက တိုက်ခိုက်ကြဖို့ ဆီးရီးယား ရှေးဟောင်း ကျောက်စာ ဌာန မှူး Maamoun Abdul Karim က တိုက်တွန်း ခဲ့ပါတယ်။

အချက်အချာကျ

ပါလ်မိုင်ရာနဲ့ တဒ်မျူး မြို့တွေဟာ ဆီးရီးယား မြို့တော် ဒမတ်စကပ် ကို သွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ အချက်အချာ မြို့တွေ ဖြစ်ကြပါတယ်။ ဓာတ်ငွေ့ တွင်းတွေနဲ့လည်း နီးကပ် နေပါတယ်။

ဒါကြောင့် ဒီနေရာကို သိမ်းပိုက်ဖို့ စစ်ရေး အရ အရေးကြီးတယ်လို့ ဘီဘီစီ အာရပ်ရေးရာ သုံးသပ်သူ Sebastian Usher က ပြောပါတယ်။

ကမ္ဘာက ဒီရှေးဟောင်း ပစ္စည်းတွေထိခိုက်မှာ စိုးရိမ် နေကြချိန်မှာ IS တွေက ဒါတွေကို ရုပ်တု ကိုးကွယ်မှုတွေ အနေနဲ့ ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီး နေကြပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ ဒီနယ်မြေ ဒေသကို ထိန်းဖို့ အကောင်းဆုံး ကြိုးစား သွားမယ်လို့ ပြည်ထဲရေး ဝန်ကြီး Mohamad Al-Shaar က ပြောကြား ခဲ့ပါတယ်။

အမေရိကန် ညွန့်ပေါင်းတပ်တွေရဲ့ လေကြာင်း ထိုးစစ် တွေက IS နယ်မြေ တွေကို ထိုးဖောက်တိုက်ခိုက်နေကြပေမယ့်လည်း ဆီးရီးယား အစိုးရနဲ့ ပူးပေါင်း စစ်ဆင်တာတွေတော့ မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ