တာကာတာ ကုမ္ပဏီ လေအိတ်ချို့ယွင်းမှု ကား၃၄သန်း ပြန်သိမ်း

ဓာတ်ပုံ မူပိုင် Reuters
Image caption တာကာတာ ကုမ္ပဏီက ထုတ်တဲ့ လေအိတ်တွေကြောင့် လူ၅ဦး သေဆုံးခဲ့

မော်တော်ကား ရှေ့ခန်းမှာ ထိုင်သူတွေ အတွက် မတော်တဆ ဖြစ်ရပ်တွေကနေ ကာကွယ်ဖို့ တပ်ဆင်ထားတဲ့ လေအိတ်တွေမှာ ချို့ယွင်းမှုတွေ ရှိနေတာကြောင့် အမေရိကန် နိုင်ငံမှာ ရှိတဲ့ ကားပေါင်း ၃၄သန်း နီးပါး လောက်ကို ပြန်သိမ်းမယ်လို့ အဲဒီလေအိတ် ထုတ်လုပ်တဲ့ Takata ဂျပန် ကုမ္ပဏီကြီးက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

မတော်တဆ ဖြစ်ချိန်မှာ ကားရှေ့ခန်းက သူတွေကို အလိုအလျောက် အကာအကွယ် ပေးရမယ့်အစား အဲဒီ လေအိတ်တွေက ကားအပြင်းအထန် တိုက်မိတဲ့ အခါမျိုးမှာ ပေါက်ကွဲပြီး ရှေ့ခန်းမှာ ထိုင်တဲ့ ခရီးသည်ကိုရော ကားမောင်းသူကိုပါ အကြီးအကျယ် ထိခိုက် ဒဏ်ရာ ရစေခဲ့တာပါ။

ဒီပြဿနာကြောင့် တာကာတာ ကုမ္ပဏီက ကားပေါင်း ၁၈သန်းလောက်ရဲ့ လေအိတ်တွေကို ပြန်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။ အခုကတော့ အဲဒီ အရေအတွက်ရဲ့ နှစ်ဆနီးပါးလောက် ကားတွေကို ပြန်သိမ်းမှာ ဖြစ်ပါတယ်။

တာကာတာ ကုမ္ပဏီထုတ် လေအိတ်တွေရဲ့ ဒီချို့ယွင်းချက်ကြောင့် လူ၅ဦး သေဆုံးခဲ့ရပြီး ၁၀၀ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

မတော်တဆ ဖြစ်တဲ့အခါမျိုးမှာ လေအိတ် ပေါက်ကွဲပြီး ထွက်လာတဲ့ အစအနတွေက ရှေ့ခန်းက ခရီးသည်နဲ့ ကားမောင်းသူရဲ့ မျက်နှာ၊ ခန္ဓာ ကိုယ်တွေထဲ စူးဝင် ထိခိုက်စေခဲ့တာပါ။

အဲဒီ မတော်တဆ ဖြစ်ရပ်တွေမှာ ဝင်ရောက်ကယ်ခဲ့ကြတဲ့ ရဲတွေရဲ့ အပြောအရ အဲဒီလူနာတွေဟာ သေနတ်ပစ်ခံထားရသူတွေ ဒါမှမဟုတ် ဓါးထိုးခံထားရသူတွေနဲ့ သဏ္ဌာန်တူနေတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းကိုက တာကာတာ ကုမ္ပဏီထုတ် လေအိတ်တွေနဲ့ ပတ်သက်လို့ မကျေမနပ် တိုင်ကြားမှုတွေ စရှိလာခဲ့တာပါ။

တာကာတာ ကုမ္ပဏီကတော့ ဒီမတော်တဆ ဖြစ်ရပ်တွေဟာ လေထု စိုထိုင်းမှုကြောင့် ဖြစ်တယ်လို့ ပဲ အပြစ်ပုံချခဲ့ပါတယ်။

အခုတော့ တကယ်တမ်းမှာ သူတို့ရဲ့ လေအိတ် လေထုတ်စက်ရဲ့ ချို့ယွင်းမှုကြောင့် ဆိုတာကို တာကာတာ ကုမ္ပဏီက ထုတ်ဖော် ကြေညာလိုက်ရပြီ ဖြစ်ပါတယ်။