ဖီဖာ အကျင့်ပျက်မှု၊ ထိပ်တန်းအရာရှိ ၇ဦးကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် AFP
Image caption ဖီဖာ ထိပ်တန်း အရာရှိ ၇ ဦးကို ဇူးရစ်ချ် မြို့က ဟော်တယ်တစ်ခုမှာ ဖမ်းဆီးခဲ့။

ဖီဖာ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် အတွင်း အကျင့်ပျက် ခြစားမှုတွေ အတွက် ထိပ်တန်း အရာရှိ ၇ ဦးကို ဇူးရစ်ချ် မြို့မှာ ဖမ်းဆီး လိုက်ပြီးနောက် ဖီဖာ အဖွဲ့အတွင်း ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးမှု ၂ခုကို တစ်ပြိုင်တည်း ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အခု ဖမ်းဆီးခံရတဲ့ ဖီဖာ ထိပ်တန်း အရာရှိ ၇ ဦးဟာ အကျင့်ပျက်မှု စွဲချက်တွေနဲ့ အမေရိကန် တရားရေး ဌာနက စွဲဆိုထားတဲ့ ၁၄ ဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။

ဖီဖာ အဖွဲ့ချုပ်ကို စစ်ဆေးနေတဲ့ ဒုတိယ အမှုကတော့ ဆွစ်ဇာလန် အစိုးရ ရှေ့နေတွေက စွဲဆို ထားတာ ဖြစ်ပြီး၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်တွေ အဖြစ် ရုရှားနဲ့ ကာတာ နိုင်ငံတို့ကို ရွေးချယ်ခဲ့ရာမှာ မသမာမှုတွေ ရှိခဲ့တယ် ဆိုတဲ့ အမှု ဖြစ်ပါတယ်။

ဖီဖာကတော့ သောကြာနေ့မှာ ပြုလုပ်ဖို့ ရှိတဲ့ ဖီဖာ ဥက္ကဋ္ဌ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ဆက်လုပ် သွားမယ်လို့ ဆိုပါတယ်။

အခု ဖမ်းဆီး ခံခဲ့ရတဲ့ ထိပ်တန်း အရာရှိ ၇ ဦးထဲမှာ လက်ရှိ ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘလတ္တာ ပါဝင်ခြင်း မရှိဘဲ၊ သူက ဥက္ကဋ္ဌ နေရာကို ၅ ကြိမ်မြောက် ဝင်အရွေးခံဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အခုလို စုံစမ်း စစ်ဆေးမှုတွေ ကြုံနေရပေမယ့် ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင် နိုင်ငံတွေကို ပြန်လည် ရွေးချယ်မှာ မဟုတ်ကြောင်း ဖီဖာက ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ