မြောက်ကိုရီးယားကို ပိုမို ဖိအားပေးဖို့ ၃နိုင်ငံ သဘောတူ

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားက အရာရှိတွေ ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်အောင် မြောက်ကိုရီးယား အပေါ် ဖိအားပေး ပိတ်ဆို့မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ သဘောတူလိုက်ကြပါတယ်။

အဲဒီ ၃ နိုင်ငံက နျူကလီးယားဆိုင်ရာ ကိုယ်စားလှယ်တွေ တောင်ကိုရီးယား မြို့တော် ဆိုးလ်မြို့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးနောက် အခုလို သဘောတူညီချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ဘက်က နျူကလီးယား အစီအစဉ်ကို လက်မလျှော့ရင် ပိုမို အထီးကျန်စေမယ့် ပိတ်ဆို့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယား သံတမန် Hwang Joon-kook က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြောက်ကိုရီးယားက သူတို့ရဲ့ တာဝေးပစ် ဒုံးပျံမှာ တပ်ဆင် ပစ်လွှတ် နိုင်လောက်အောင် သေးငယ်တဲ့ နျူကလီးယား ထိပ်ဖူးတစ်ခု ထုတ်လုပ် နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

တစ်ခါ ရေငုပ် သင်္ဘောကနေ ဒုံပျံ ပစ်လွှတ် စမ်းသပ်မှုကိုလည်း အောင်မြင် ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပြောဆိုမှုတွေ ဘယ်လောက် မှန်ကန်သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ