FIFA ကို တောင်အာဖရိက ပေးတဲ့ ဒေါ်လာ၁၀သန်း ဘာဖြစ်သွားသလဲ။

ဓာတ်ပုံ မူပိုင် no credit
Image caption FIFA ဒုဥက္ကဋ္ဌ Jack Warner က သူမဟုတ်တာ ဘာမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆို

ဖီဖါ ဒုတိယ ဥက္ကဋ္ဌဟောင်း Jack Warner ထိန်းချုပ်တဲ့ ငွေစာရင်းထဲ ဖီဖာ လွှဲပြောင်း ပို့ခဲ့တဲ့ ဒေါ်လာ ၁၀သန်း ဘာဖြစ်သွားသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ စုံစမ်း တွေ့ရှိချက်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ မကျင်းပခင် တောင်အာဖရိကရဲ့ ကိုယ်စား ပေးပို့ခဲ့တဲ့ အဲဒီ ငွေတွေကို ကယ်ရစ်ဘီယန်းမှာ ရွှေ့ပြောင်း အခြေချ နေထိုင်နေသူ အာဖရိကန် လူမျိုးတွေကြား ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာ သုံးဖို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘီဘီစီက တွေ့ခဲ့ရတဲ့ အထောက်အထား စာရွက်စာတမ်းတွေထဲမှာတော့ မစ္စတာ Warner ဟာ အဲဒီငွေတွေကို ငွေသား ထုတ်ယူရာမှာ၊ ပုဂ္ဂိုလ်ရေး ငွေချေးရာမှာ၊ ငွေကြေး ခဝါချရာတွေမှာ သုံးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒီ ငွေထဲက တဝက်နီးပါးလောက်ကို မစ္စတာ Warner ရဲ့ နေရပ်တိုင်းပြည် Trinidad နိုင်ငံက ကုန်ပဒေသာတိုက်ကြီးတခုကို လွှဲပေးခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက် အဲဒီ ငွေအများစုကို အဲဒီနိုင်ငံမှာ သုံးနေတဲ့ ငွေကြေးအဖြစ် ပြောင်းပြီး မစ္စတာ Warnerကို လွှဲပေးခဲ့တယ်လို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

Jack Warner ကတော့ သူ့အနေနဲ့ မဟုတ်တာ ဘာမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုနေပြီး သူ့ကို သက်သက် တရားခံရှာတာလို့ ပြောနေပါတယ်။

တခါ တောင်အာဖရိက သတင်းစာတခုက ရထားတဲ့ emailတခုထဲမှာ တောင်အာဖရိက သမ္မတဟောင်း သာဘို Mbekiနဲ့ ဖီဖာ ဥက္ကဋ္ဌ Sepp Blatter တို့ အကြား ဒေါ်လာ ၁၀သန်း အပေးအယူ လုပ်ဖို့ သဘောတူခဲ့ကြတယ်ဆိုတဲ့ နောက်ထပ် အထောက်အထားတွေကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။

အဲဒီငွေဟာ တောင်အာဖရိကနိုင်ငံကို ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ပေးဖို့ လာဘ်ထိုးခဲ့တာလို့ အမေရိကန် အစိုးရ ရှေ့နေတွေက ယူဆနေတာ ဖြစ်ပါတယ်။