အေးခဲထားတဲ့ မမျိုးဥနဲ့ ကလေးရယူ မွေးဖွားနိုင်

ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ၁၃ နှစ်အရွယ်က မမျိုးဥကို သိပ္ပံပညာရှင်တွေက အေးခဲ သိမ်းဆည်းထားခဲ့။

ဘယ်လ်ဂျီယံ နိုင်ငံက အမျိုးသမီး တစ်ဦးဟာ သူမ ကလေးဘဝက ထုတ်ယူပြီး အေးခဲ ထားခဲ့တဲ့ မမျိုးဥကို ပြန်လည် အသုံးပြုပြီး ကလေးရယူ မွေးဖွားနိုင်ခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

မွေးရာပါ သွေးအားနည်း ရောဂါ ရှိတဲ့ အတွက် ကျောရိုးချဉ်ဆီ အစားထိုး ကုသဖို့ လိုအပ်ခဲ့တဲ့ အဲဒီ ၂၇ နှစ်အရွယ် အမျိုးသမီးဟာ ကုသမှု မခံယူမီ ၁၃ နှစ် အရွယ်မှာပဲ သူမရဲ့ မမျိုးဥကို ထုတ်ယူပြီး အေးခဲ သိမ်းဆည်း ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ကျောရိုးချဉ်ဆီ အစားထိုး ကုသခဲ့ရာမှာ သူမရဲ့ ကိုယ်ခံအား စနစ် တစိတ်တဒေသကို ဖျက်ဆီး ပစ်ခဲ့ရတာကြောင့် သူမရဲ့ မျိုးဥအိမ်ပါ ထိခိုက် ပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် အဲဒီ ကုထုံး မစတင်မီက ထုတ်ယူထားခဲ့တဲ့ မမျိုးဥသာ မရှိရင် သူမအနေနဲ့ အခုလို ကလေးရယူ နိုင်မှာ မဟုတ်ပါဘူး။

အပျိုဖော်ဝင်စ ကလေးငယ် တယောက်ရဲ့ မမျိုးဥအိမ်ထဲမှာ သန္ဓေတည်နိုင်တဲ့ မျိုးဥ အများအပြား ပါဝင်လိမ့်မယ် ဆိုတာကို ဆေးပညာရှင်တွေ မျှော်မှန်း နိုင်ကြပေမယ့် အဲသလို ငယ်ရွယ်တဲ့ အချိန်မှာ ထုတ်ထားတဲ့ မျိုးဥကို အသက်ကြီးတဲ့ အချိန်ကျမှ ပြန်လည် ထည့်သွင်း မွေးမြူရင် အဲဒီ မျိုးဥအိမ်ရဲ့ ကြီးထွား ဖွံ့ဖြိုးမှုက ရင့်ကျက် ပြည့်စုံပါ့မလားဆိုတာကို စိုးရိမ်ခဲ့ကြပါတယ်။

အခုတော့ အဲဒီနည်းလမ်း အောင်မြင်ခဲ့ပြီ ဆိုတာကို သက်သေပြလိုက်တာ ဖြစ်တဲ့အတွက် ဆေးပညာအတွက် အရေးကြီးတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ တခြား ငယ်ရွယ်တဲ့ လူနာတွေ အတွက်လည်း အသုံးတည့် နိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့် ထားကြပါတယ်။

အဲဒီ အမျိုးသမီးဟာ ၂၀၁၄ နိုဝင်ဘာလမှာ ကျန်းမာတဲ့ သားယောက်ျားလေး တစ်ဦးကို မွေးဖွားခဲ့ပြီး အဲဒီအကြောင်း အသေးစိတ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဆေးပညာ ဂျာနယ်တစ်ခုမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။