တောင်ကိုရီးယား သမ္မတ အမေရိကန် ခရီးစဉ် ရွှေ့ဆိုင်း

ဓာတ်ပုံ မူပိုင် AP
Image caption မားစ်ရောဂါ လူနာသစ်တွေ ထပ်တိုးတဲ့ နှုန်း ကျဆင်းလာတယ်လို့ ဆို။

တောင်ကိုရီယား နိုင်ငံမှာ မားစ် ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတာကို စိုးရိမ်နေကြတဲ့ အတောအတွင်းမှာ တောင်ကိုရီးယား သမ္မတ ပါ့ဂွန်ဟေးလ်က အမေရိကန်ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ သူ့ခရီးစဉ်ကို ရွှေ့ဆိုင်း လိုက်ပါတယ်။

မားစ်ရောဂါကြောင့် နောက်ထပ် ၂ ဦး ထပ်မံ သေဆုံးပြီး လူနာ အသစ် ၁၃ ယောက် ထပ်မံ တွေ့ရှိကြောင်း အတည်ပြုခဲ့ အပြီးမှာ သမ္မတ ရုံးက အခုလို ခရီးစဉ် ရွှေ့ဆိုင်းတဲ့ ကြေညာချက် ထုတ်ပြန် လိုက်တာပါ။

အခုဆို တောင်ကိုရီးယားမှာ ဒီရောဂါကြောင့် လူ ၉ ယောက် သေဆုံးခဲ့ပြီး ဖြစ်ကာ၊ ရောဂါ ဖြစ်ပွားသူပေါင်း ၁၀၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ လူ ၃ ထောင် နီးပါးကိုလည်း တခြား သူတွေနဲ့ ထိတွေ့ခွင့် မပေးဘဲ သီးသန့် ခွဲခြား စောင့်ကြည့် နေရပါတယ်။

ပြီးခဲ့တဲ့ လက တောင်ကိုရီးယား နိုင်ငံသား တစ်ယောက် ဆော်ဒီအာရေဗျကို ခရီးထွက်ခဲ့စဉ် မားစ် ရောဂါ ကူးစက် ခံခဲ့ရပြီး ရောဂါ ပြန်ပါလာရာကနေ တောင်ကိုရီးယားမှာ ဒီရောဂါ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

ဒီရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ တောင်ကိုရီးယားရဲ့ တုန့်ပြန် ဆောင်ရွက်ချက်တွေ နှေးကွေးတယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ် နေပါတယ်။

သက်ဆိုင်ရာ အရာရှိတွေကတော့ ရောဂါ ပြန့်ပွားတာကို ထိန်းချုပ်နိုင်ပြီလို့ မပြောနိုင်သေးပေမယ့် လူနာ အသစ်တွေ တွေ့လာရတဲ့ နှုန်းက ကျဆင်း လာတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ