စ​နို​ဒင့်​စာ​တွေ​ကြောင့် ဗြိ​တိန်​ထောက်လှမ်း​ရေး လှုပ်​လှုပ်ရှား​ရှား​ဖြ​စ်

edward_snowden ဓာတ်ပုံ မူပိုင် EPA
Image caption အက်ဒွပ် စနိုဒင်ဟာ အခုအခါ ရုရှား နိုင်ငံမှာ ခိုလှုံ နေထိုင်နေပါတယ်။

ဗြိတိန် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦး ရဲ့ ဘီဘီစီ ကို ပြောပြ ချက်အရ Edward Snowden ဆီ ကနေ ပေါက် ကြား ခဲ့တဲ့ လျှို့ ဝှက် သင်္ကေတ တွေ သုံး ရေးသားထားတဲ့ စာရွက် စာတမ်းတွေ ကို ရုရှား နဲ့ တရုတ် တို့ ဖော် နိုင် သွားပြီ ဖြစ်လို့ ဗြိတိသျှ အစိုးရ အနေနဲ့ လုံခြုံရေး ဆိုင်ရာ အန္တရာယ် ရှိတယ် လို့ ယူဆ တဲ့ နိုင်ငံတွေ မှာ ထားရှိထားတဲ့ အမ်အိုင် ၆ ထောက်လှမ်းရေး သူလျှိုတွေ ကို နေရာ ရွှေ့ပြောင်းမှု တွေ လုပ်ခဲ့ ရတယ် လို့ ဆိုပါတယ်။

ဗြိတိသျှ သတင်းစာ တစ်စောင် ဖြစ်တဲ့ The Sunday Times က အဲဒီ့ လို ရုရှား နဲ့ တရုတ် တို့ က သင်္ကေတ တွေ ဖော် နိုင် သွားတဲ့ အကြောင်း ထုတ်ဖော် ရေးသား လာ တဲ့နောက် အခုလို အခြေ အနေ ဖြစ် ပေါ် လာတာ ပါ။

Edward Snowden ဟာ အမေရိကန် ထောက်လှမ်းရေး NSA က ငှားရမ်း အသုံး ပြုခဲ့တဲ့ ဝန်ထမ်း တစ်ဦး ဖြစ်ခဲ့ ပြီး၊ အမေရိကန် နဲ့ ဗြိတိသျှ ထောက်လှမ်းရေး တွေ ရဲ့ အင်တာနက် နဲ့ ဖုန်းလိုင်း တွေ အပေါ် စောင့်ကြည့် နေပုံ တွေ ကို လွန်ခဲ့တဲ့ ၂ နှစ် ကတည်း က ဖွင့်ချ ခဲ့သူ ဖြစ် ပါတယ်။

အက်ဒွပ် စနိုဒင် ခိုးယူ သွားခဲ့တဲ့ ဖိုင် တွေ အားလုံး ဟာ အသင့် ဖတ်ရှုနိုင် တဲ့ အနေအထား မဟုတ်ပဲ တချို့ ဖိုင်တွေ ကို ကွန်ပြူတာ နည်းနဲ့ လျှို့ဝှက် ရေးသား ထားခဲ့တဲ့ အတွက် အချက်အလက် တချို့ဟာ ချက်ချင်း ပေါက်ကြား ပွင့်ထွက် တာမျိုး မဖြစ်ခဲ့ပဲ အခုလို အချိန် ယူခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ