အဆိုးဆုံး မိုးခေါင်ရေရှားမှု မြောက်ကိုရီးယား ကြုံနေ

ဓာတ်ပုံ မူပိုင် epa
Image caption မိုးခေါင်းရေရှားမှုကြောင့် တောင်ကိုရီးယား ဘက်ခြမ်းက စပါးခင်းတွေလည်း ထိခိုက်။

မြောက်ကိုရီးယား နိုင်ငံမှာ ရာစုနှစ် တစ်ခုအတွင်း အဆိုးရွားဆုံး မိုးခေါင် ရေရှားမှုနဲ့ ရင်ဆိုင် နေရပြီး စားနပ်ရိက္ခာ ရှားပါး ပြတ်လပ်မှာကို စိုးရိမ် နေရတယ်လို့ မြောက်ကိုရီးယား အစိုးရက ပြောလိုက်ပါတယ်။

မိုးခေါင် ရေရှားမှုကို အဓိက စပါးစိုက်ပျိုးရာ ဒေသတွေမှာ ဆိုးဆိုးရွားရွား ကြုံတွေ့ နေရပြီး စပါးခင်း ၃၀ ရာခိုင်နှုန်းကျော် သွေ့ခြောက် ကုန်ပြီလို့ မြောက်ကိုရီးယား အစိုးရ သတင်းဌာန KCNA က ပြောပါတယ်။

မြောက်ကိုရီးယားမှာ ၁၉၉၀ ပြည့်လွန် နှစ်တွေ အတွင်းက ဖြစ်ခဲ့တဲ့ ငတ်မွတ် ခေါင်းပါးမှု ဒဏ်ကြောင့် လူပေါင်း သိန်းနဲ့ချီ သေဆုံး ခဲ့ရဖူးပါတယ်။

သတင်းထောက်တွေကတော့ အခု ကြုံတွေ့နေတဲ့ မိုးခေါင် ရေရှားမှုဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စိုက်ပျိုးရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှုတွေကြောင့် ထင်သလောက် ဆိုးရွားဖွယ် မရှိကြောင်း ပြောပါတယ်။

ကုလ သမဂ္ဂရဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ ကတော့ မြောက်ကိုရီးယားဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကို ပုံမှန် ကြုံတွေ့ရလေ့ ရှိပြီး လက်ရှိမှာ ကလေးငယ် အားလုံးရဲ့ သုံးပုံတစ်ပုံဟာ အာဟာရ ချို့တဲ့ နေကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ