ဂရိ ကြွေးမြီအတွက် ရက်ထပ်မတိုးဟု IMF ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိ ကြွေးမြီ အကြပ်အတည်းကို ဖြေရှင်းဖို့ မြီရှင်တွေနဲ့ အချိန်မီ သဘောတူညီချက် ရဖို့ လိုနေ။

ဂရိ နိုင်ငံမှာ တင်ရှိနေတဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ နောက်ထပ် အချိန်တိုးပေးတော့မှာ မဟုတ်ဘူးလို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF အကြီးအကဲ Christine Lagarde က ပြောကြား လိုက်ပါတယ်။

အခုလကုန် ဇွန်လ ၃၀ ရက်နေ့မှာ ဂရိ အနေနဲ့ အကြွေးတွေ အကုန် ပြန်ဆပ်ရမယ့် နောက်ဆုံးရက် ဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့ ရောက်တာနဲ့ ကြွေးပြန်ဆပ်ရန် ပျက်ကွက်မှု Default ဖြစ်သွားမှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။

ဒါကြောင့် ဂရိ အနေနဲ့ IMF အပေါ် တင်ရှိနေတဲ့ ယူရို ၁ ဒသမ ၆ ဘီလျံကို ပြန်ဆပ်ဖို့ အများဆုံး သီတင်း နှစ်ပတ်သာ ကျန်တော့တာ ဖြစ်ပါတယ်။

အဲဒီလို Default အခြေအနေ မရောက်အောင် ပင်စင်လစာ လျှော့ချမှု အပါအဝင် အသုံးစရိတ် ဖြတ်တောက်မှုတွေ ဆောင်ရွက်ဖို့ ဂရိနိုင်ငံကို တွန်းအားပေးတဲ့ အနေနဲ့ IMF နဲ့ ဥရောပ ဘဏ္ဍာရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

ဂရိ အစိုးရ ကတော့ ပင်စင်လစာ လျှော့ချမှုတွေ လုပ်ဖို့ ငြင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အချိန် မတိုင်မီ ညှိနှိုင်းလို့ မရခဲ့ရင်တော့ ဂရိရဲ့ စီးပွားရေးဟာ ကပြောင်းကပြန် ဖြစ်သွားနိုင်ပြီး ယူရို ငွေကြေးဇုန်နဲ့ အီးယူ အဖွဲ့ကနေ ထွက်ရဖွယ် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ