ရေတပ် အစီအစဉ်သစ် အီးယူ စတင်မယ်

ဓာတ်ပုံ မူပိုင် Getty
Image caption ဥရောပကို ရောက်ရှိလာသူ အခုနှစ်အတွင်း တစ်သိန်း ရှိပြီ။

မြေထဲပင်လယ် ဖြတ်ကျော် ဝင်ရောက်သူ အရေအတွက်ကို လျှော့ချ နိုင်ဖို့ ရည်ရွယ် ဆောင်ရွက်မယ့် ရေတပ် အစီအစဉ်သစ် တစ်ရပ်ကို စတင်ဖို့ ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူ လိုက်ကြပါတယ်။

အဲဒီ ရေတပ် လှုပ်ရှားမှု အစီအစဉ်ကို လစ်ဗျား ပိုင်နက်ထဲမှာ လှုပ်ရှားခွင့် ရဖို့ လစ်ဗျား အာဏာပိုင်တွေဆီက ခွင့်ပြုချက် မရခင် အချိန်အထိနဲ့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ထောက်ခံမှု မရခင် အချိန်အထိ နိုင်ငံတကာ ရေပြင်နဲ့ ဝေဟင်မှာ လှုပ်ရှား ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အီးယူ ရေတပ် လှုပ်ရှားမှုကို လာမယ့် ရက်ပိုင်း အတွင်း စတင်မှာ ဖြစ်တယ်လို့ အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini က ပြောပါတယ်။

အဲဒီ အစီအစဉ်က မြောက်အာဖရိက ကနေ ဥရောပကို လူတွေ ထောင်နဲ့ချီ ခိုးသွင်းလာတဲ့ လူမှောင်ခို ဂိုဏ်းတွေကို ပစ်မှတ်ထား အရေးယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အခု ၂၀၁၅ နှစ်စကနေ အခုချိန်အထိ မြေထဲပင်လယ် ဖြတ်ကျော် ဝင်ရောက်သူ လူ တစ်သိန်းလောက် ဥရောပကို ရောက်ရှိ ခဲ့တယ်လို့ ခန့်မှန်း ရပါတယ်။ မြေထဲပင်လယ် အတွင်း ရေနစ် သေဆုံးသူ အရေအတွက် ကတော့ သိရှိရသလောက် အနည်းဆုံး လူ ၂ ထောင်လောက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ