တိုင်ဝမ် လေယာဉ်ပျက်ကျမှု၊ အင်ဂျင် မှားပိတ်မိလို့ဟု ဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ထရန်စ်အေးရှား လေယာဉ် ပျက်ကျမှုမှာ ၄၃ ဦး သေဆုံးခဲ့။

တိုင်ဝမ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက ထရန်စ် အေးရှား ခရီးသည်တင် လေယာဉ် ပျက်ကျမှုဟာ တစ်လုံးတည်းသော အလုပ်လုပ်နေတဲ့ အင်ဂျင်ကို လေယာဉ်မှူးက မှားယွင်းပြီး ပိတ်ပစ် လိုက်မိတာကြောင့် ဖြစ်တယ်လို့ စုံစမ်း စစ်ဆေး သူတွေက တွေ့ရှိခဲ့ပါတယ်။

ဒီလို မှားယွင်းမှုကို လေယာဉ် ပျက်မကျမီ စက္ကန့်ပိုင်း အလိုမှ လေယာဉ်မှူးက သတိပြုမိလိုက်တာ ဖြစ်တဲ့အကြောင်း လေကြောင်း လုံခြုံရေး အရာရှိ ဝမ်ရှင်ချောင်က ပြောပြပါတယ်။

လေယာဉ်မှူးက ခလုတ်ကို မှားဆွဲလိုက်မိပြီလို့ ပြောလိုက်တဲ့ အသံကို လေယာဉ် ပျံသန်းမှု မှတ်တမ်း ကိရိယာ အသံဖမ်းစက်ထဲမှာ ကြားရပါတယ်လို့ သူက ဆိုပါတယ်။

လေယာဉ်ရဲ့ တခြား အင်ဂျင်စက်မှာ ပြဿနာ ပေါ်ခဲ့ပြီးနောက် လေယာဉ်မှူး Liao Jian-zong က အခုလို အမှားကို ပြုလုပ်ခဲ့တာပါ။

ထရန်စ် အေးရှား လေယာဉ်ဟာ မြို့တော် တိုင်ပေ ကနေ ပျံတက်ပြီး မကြာမီ မြစ်အတွင်း ပျက်ကျခဲ့ရာမှာ ခရီးသည် ၄၃ ဦး သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ