ဇူလိုင် ၁ရက်ကစလို့ တရားမဝင် ထိုင်းငါးဖမ်း လှေတွေကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် epa
Image caption ထိုင်းငါးဖမ်းလှေတွေ ရပ်ထားတဲ့အတွက် မြန်မာ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်

တရားဝင် မှတ်ပုံမတင်ထားတဲ့ ထိုင်းငါးဖမ်း လှေတွေကို ဖမ်းဆီး အရေးယူမယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်တဲ့ အတွက် ထိုင်းငါးဖမ်းလှေတွေ အတော်များများ ရပ်ထားလိုက်ရပြီ ဖြစ်ပါတယ်။

ငါးဖမ်းလှေ လိုက်တဲ့ မြန်မာ အလုပ်သမား တွေလည်း အလုပ်ရပ်နား နေရပြီ ဖြစ်တယ်။

ထိုင်းငါးဖမ်းလှေတွေကို ငါးမျိုး ထိန်းသိမ်းရေး အတွက် နိုင်ငံတကာ သတ်မှတ်စံနှုန်း အတိုင်း ငါးဖမ်းဖို့ ဥရောပ သမဂ္ဂက သတိပေးထားပြီး ဒီလို မလုပ်ရင် ဥရောပကို ငါးတင်ပို့မှု ပိတ်ပင်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

ထိုင်းမှာ ငါးဖမ်း စက်လှေပေါင်း ၅ သောင်းကျော် ရှိပြီး ငါးဖမ်းလှေအားလုံး ဇွန်လမကုန်ခင် မှတ်ပုံတင်ရမယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် မှတ်ပုံမတင်တဲ့ ငါးဖမ်းလှေတွေ အများအပြား ရှိနေပါ တယ်။

မှတ်ပုံတင်ရမယ့် ရက်ကို နောက်ထပ် ၁ လ ၂ လလောက် ရက်တိုးပေးဖို့ ငါးဖမ်းလှေ အသင်းက အစိုးရကိုတင်ပြခဲ့ပေမယ့် အစိုးရက ပယ်ချလိုက်ပါတယ်။

မှတ်ပုံမတင်ရင် ဖမ်းဆီး အရေးယူမယ်လို့ အစိုးရက ကြေညာထားတဲ့အတွက် အခု ဇူလိုင်လ ၁ ရက်နေ့ကစပြီး ငါးဖမ်းစက်လှေ အတော်များများက ဆန္ဒပြတဲ့အနေနဲ့ ငါးရှာ မထွက်ပဲ ဆိပ်ကမ်းမှာ ကပ်ထားလိုက်ပါတယ်။

အဲဒီအတွက် စျေးကွက်မှာ ငါးတွေ ရှားပါး ပြတ်လပ်သွားပြီး စားသုံးသူတွေ နစ်နာမယ်လို့ ငါးဖမ်းစက်လှေ အသင်းဘက်က ပြောပါတယ်။

ထိုင်းဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာ့ဝစ် ဝုံးစူဝမ်းကတော့ အခုလို တိတိကျကျ ကိုင်တွယ်တဲ့အပေါ် အများပြည်သူက သဘောကျကြကြောင်းနဲ့ ရေရှည်အတွက် အကျိုးရှိမှာဖြစ်ကြောင်း၊ တရားဝင် မှတ်ပုံ မတင်ရင်တော့ ငါးဖမ်းခွင့်ပြုမှာ မဟုတ်ကြောင်း သတင်းထောက်တွေကို ရှင်းပြပါတယ်။

အခုလို ထိုင်းငါးဖမ်းလှေတွေ တရားဝင် မှတ်ပုံတင်ပြီး ငါးဖမ်းရင် အလုပ်သမားတွေအတွက် ရေရှည်မှာ အကျိုး ရှိမှာ ဖြစ်တယ်လို့ NPL အလုပ်သမားအခွင့်အရေး ကွန်ရက်က ဒါရိုက်တာ စုမ်ဖုန်း စရာ့ကယောက်ကလည်း ပြောပါတယ်။

ဒါပေမယ့်လည်း ထိုင်းငါးဖမ်းလုပ်ငန်းမှာ မြန်မာအလုပ်သမားက သိန်းနဲ့ချီရှိပြီး နဂိုက လုပ်အား မှန်မှန် မရတဲ့အပြင် အခုလို ငါးဖမ်းလှေတွေ ရပ်ထားတဲ့အတွက် မြန်မာ အလုပ်သမားတွေအပေါ် အကြီးအကျယ် ရိုက်ခတ်နိုင်တယ်လို့ မဟာချိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။