တူနီးရှား ကမ်းခြေ ပစ်ခတ်မှု၊ ၁၂ ဦးကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် epa
Image caption ပစ်ခတ်မှု အပြီး လုံခြုံရေး အင်အား တိုးမြှင့် ချထားဟု ဆို။

တူနီးရှား နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုမှာ ဖြစ်ခဲ့တဲ့ ကမ္ဘာလှည့် ခရီးသည် ၃၈ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ လူ ၁၂ ယောက်ကို ဖမ်းဆီး လိုက်ပြီလို့ တူနီးရှား အရာရှိ တစ်ဦးက ပြောပါတယ်။

ပစ်ခတ်သူ သေနတ်သမားနဲ့ လစ်ဗျား နိုင်ငံအတွင်း သင်တန်း တက်ခဲ့တယ်လို့ သံသယရှိသူ ၂ ဦးကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ သေနတ်သမားကိုတော့ အဲဒီ နေ့ကပဲ တူနီးရှား ရဲတွေက အသေ ဖမ်းမိခဲ့ပြီး ဖြစ်ပါတယ်။

Sousse ကမ်းခြေ စခန်း ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ အများစုဟာ ယူကေ နိုင်ငံသားတွေ ဖြစ်ကြပြီး ဥရောပက အပန်းဖြေ ခရီးထွက်သူ အချို့လည်း ပါဝင်ပါတယ်။

IS အဖွဲ့ကတော့ အဲဒီ ပစ်ခတ်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အခု တိုက်ခိုက်မှုကြောင့် တူနီးရှားအတွက် အဓိက ဝင်ငွေ ရှာပေးနေတဲ့ ခရီးသွား လုပ်ငန်း ရပ်ဆိုင်း သွားမှာကို တူနီးရှား အစိုးရက စိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း တူးနစ် မြို့တော်မှာ ရှိတဲ့ ဘာဒိုး ပြတိုက်မှာ သေနတ်သမား ၂ ဦး ပစ်ခတ် တိုက်ခိုက်ခဲ့လို့ လူ ၂၂ ဦး သေဆုံး ခဲ့ရပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ