အင်ဒိုမှာ မီးတောင်ပေါက်လို့ လေဆိပ် ၅ ခု ပိတ်ထားရ

ဓာတ်ပုံ မူပိုင် AFP
Image caption သြစတြေးလျနဲ့ ဘာလီကျွန်း ခရီးစဉ်တွေကို ဒုတိယနေ့ ဆက်လက် ဖျက်သိမ်းထား။

အင်ဒိုနီးရှား နိုင်ငံမှာ မီးတောင် တစ်လုံး ပေါက်ကွဲ နေတာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေ အသွားအလာများတဲ့ ဘာလီကျွန်း လေဆိပ် အပါအဝင် စုစုပေါင်း လေဆိပ် ၅ ခုကို ပိတ်ထား လိုက်ရတယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေး အရာရှိတွေက ပြောပါတယ်။

အရှေ့ ဂျာဗားကျွန်းမှာ ရှိတဲ့ Mount Raung မီးတောင်ဟာ သီတင်း တစ်ပတ်နီးပါး ပြာပူတွေ ပန်းထုတ် နေတာကြောင့် လေကြောင်း ခရီးစဉ်တွေ လုံခြုံရေး အတွက် စိုးရိမ်မှုတွေ တိုးပွားလာနေတာ ဖြစ်ပါတယ်။

သြစတြေးလျ နိုင်ငံနဲ့ ဘာလီကျွန်း အကြား ပျံသန်းတဲ့ ခရီးစဉ် အတော်များများကို ဒုတိယနေ့ အဖြစ် ဆက်လက် ဖျက်သိမ်း ထားတာကြောင့် လေဆိပ်မှာ ခရီးသည်တွေ စုပြုံ နေပါတယ်။

ဘာလီကျွန်းဟာ သြစတြေးလျ နိုင်ငံသား အများစု အတွက် အားလပ်ရက် အပန်းဖြေ ခရီးထွက်ရာ အဓိက နေရာ ဖြစ်ပါတယ်။

လေဆိပ်တွေ ပြန်ဖွင့်ဖို့ ဆိုတာ Mount Raung မီးတောင်ရဲ့ အခြေအနေပေါ် မူတည်နေတယ် လို့ အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက အရာရှိ JA Barata က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ