ဆက်​ဘ​ရာ​နစ်​ဆာ နှစ်​ပတ်လည်​နေ့​မှာ ဆား​ဘီး​ယား​ဝန်ကြီး ရန်မူ​ခံရ

srebrenica_serbian_prime_minister ဓာတ်ပုံ မူပိုင် AP
Image caption ပြန်လည် ရင်ကြားစေ့ သင့်မြတ် နိုင်ရေး စိတ် ဓာတ် ကို အရင်းခံ ပြီး ဒီ အခမ်း အနား ကို မစ္စတာ ဗူးချစ်ချ် တက်ရောက် လာတာဖြစ်။

ဘော့စနီးယား စစ်ပွဲ တုန်း က ဆက်ဘရာနစ်ဆာ မြို့ မှာ ဖြစ် ပေါ် ခဲ့တဲ့ မွတ်ဆလင်မ် ၈ဝဝဝ အစုလိုက် အပြုံလိုက် အသတ် ခံခဲ့ ရတဲ့ ဖြစ်ရပ် ရဲ့ အနှစ် ၂ဝ ပြည့် အခမ်း အနား မှာ ဆားဘီးယား ဝန်ကြီး ချုပ် အလက်ဇန္ဒြာ ဗူးချစ်ချ် ရန်မူ တိုက်ခိုက် ခံခဲ့ ရတဲ့ အပေါ် ဘော့စနီးယား အစိုးရ က ပြစ်တင် ရှုတ် ချ လိုက် ပါတယ်။

ပြန်လည် ရင်ကြားစေ့ သင့်မြတ် နိုင်ရေး စိတ် ဓာတ် ကို အရင်းခံ ပြီး ဒီ အခမ်း အနား ကို မစ္စတာ ဗူးချစ်ချ် တက်ရောက် လာတာဖြစ်တယ် လို့ လည်း ဘော့စနီးယား အစိုးရ က ဆိုပါတယ်။

ဒါပေမဲ့ မစ္စတာ ဗူးချစ်ချ် ရဲ့ တက်ရောက် မှု အပေါ် ဆားဘီယား လူမျိုး တချို့ က ဒေါသ တကြီး ကန့်ကွက် ခဲ့ ကြပြီး အခမ်းအနား ပြုလုပ်ရာ သင်္ချိုင်း က နေ မစ္စတာ ဗူးချစ်ချ် ပြန်လည် ထွက်ခွာ တုန်း မှာ ဝိုင်းဝန်း အော်ဟစ် လှောင်ပြောင် တာ မျိုး တွေ ပြုလုပ် ခဲ့တဲ့ အပြင် မစ္စတာ ဗူးချစ်ချ် ရဲ့ ဦး ခေါင်း ကိုလည်း ကျောက်ခဲ ထိ မှန် ခဲ့ ပါတယ်။

အခုလို ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့သူတွေ ဟာ စံနစ်တကျ ကြံစည် ပြုမူ ခဲ့တာ ဖြစ်တယ် လို့ မစ္စတာ ဗူးချစ်ချ်က ပြောပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံ ကြား သင့်သင့်မြတ်မြတ် ဆက်ဆံရေး ထားရှိဖို့ သူ့ရဲ့ မူဝါဒ ကို ဆက်လက် ကိုင်စွဲမယ် လို့လည်း ဆိုပါတယ်။

ဆက်ဘရာနစ်ဆာ ဖြစ်ရပ် ဟာ ဘောစနီးယား စစ်ပွဲ တွင်း ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့ တွေ ကျူးလွန် ခဲ့ သမျှ ထဲ အဆိုးရွား ဆုံး ကိစ္စ တစ်ခု ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ