အိန္ဒိယမှာ လူနင်းမိလို့ ဟိန္ဒူ ဘုရားဖူး ၂၇ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption ပွတ်ရှ်ကရာလု ပွဲတော်ကို ဘုရားဖူး ၂၄ သန်းခန့် လာကြမယ်လို့ ခန့်မှန်း။

အိန္ဒိယ နိုင်ငံ တောင်ပိုင်း၊ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်က ဘာသာရေး ပွဲတော် တစ်ခုအတွင်း ရေချိုးဆိပ် တခုမှာ လူအုပ် နင်းမိလို့ ပွဲတော် လာသူ အနည်းဆုံး ၂၇ ဦး သေဆုံး သွားတယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

ဟိန္ဒူတွေရဲ့ မဟာ ပွတ်ရှ်ကရာလု ပွဲတော်ချိန် အတွင်း ဂိုဒါဝါရီ မြစ်ထဲမှာ ရေချိုးဖို့အတွက် သောင်းနဲ့ချီတဲ့ ဟိန္ဒူ ဘုရားဖူးတွေ စုရုံး ရောက်ရှိစဉ် ခုလို ဖြစ်ပွားခဲ့တာပါ။

မြစ်ဆိပ်ကို ဆင်းတဲ့ ဝင်ပေါက်ကို လူအုပ်ကြီးက လုယက် တိုးဝှေ့ခဲ့ကြရာက တိုးတိုက် နင်းမိခဲ့ကြတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

၁၂ ရက်ကြာ ပြုလုပ်မယ့် ပွတ်ရှ်ကရာလု ပွဲတော်ကို ဘုရားဖူး ၂၄ သန်း နီးပါး လာရောက် ကြဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယ နိုင်ငံက ဘာသာရေး ပွဲတော်ချိန်တွေ အတွင်း လူနင်းမိလို့ သေဆုံးရတဲ့ ကိစ္စတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ