တိုရှီဘာ အမှုဆောင်ချုပ် ရာထူးက နုတ်ထွက်

ဓာတ်ပုံ မူပိုင် AFP
Image caption သတင်းစာ ရှင်းလင်းပွဲမှာ တိုရှီဘာ အမှုဆောင်ချုပ် တောင်းပန်ပြီး နုတ်ထွက်ခဲ့။

ဂျပန်နိုင်ငံမှာ အကြီးဆုံး ကော်ပိုရေးရှင်းကြီး တွေထဲ တစ်ခု အပါအဝင် ဖြစ်တဲ့ တိုရှီဘာ ကုမ္ပဏီက ပြီးခဲ့တဲ့ ၆ နှစ်အတွင်း အမြတ်ငွေတွေ ပိုပြခဲ့တယ်လို့ ပြောခဲ့ပြီးနောက် တိုရှီဘာရဲ့ အမှုဆောင် အရာရှိချုပ် ဟီဆာအို တာနာကာက ဒီကိစ္စကို တာဝန်ယူတဲ့ အနေနဲ့ ရာထူးကနေ နုတ်ထွက် လိုက်ပါတယ်။

အခုလို စာရင်းလိမ်ပြီး အမြတ်ငွေ ပိုပြမှုဟာ နှစ်ပေါင်း ၁၄၀ ရှိပြီဖြစ်တဲ့ တိုရှီဘာ ကုမ္ပဏီရဲ့ သက်တမ်း အတွင်းမှာ အဆိုးဆုံး ကိစ္စ ဖြစ်တယ်လို့ မစ္စတာ ဟီဆာအိုက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီကိစ္စရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။

မစ္စတာ ဟီဆာအိုနဲ့ အတူ တခြား အကြီးတန်း အရာရှိ တချို့လည်း ရာထူးကနေ နုတ်ထွက် ခဲ့ကြပါတယ်။

တိုရှီဘာ ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ် ကစပြီး အမြတ်ငွေ ၁ ဒသမ ၂ ဘီလျံ ဒေါ်လာ ပိုပြခဲ့ကြောင်း၊ အဲဒီ ဆောင်ရွက်ချက်တွေကို မန်နေဂျာတွေလည်း သိရှိခဲ့ကြောင်း စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။