ဖ​ခင်​ရဲ့ မွေး​ရပ်​မြေ​ကို အမေ​ရိ​ကန် သမ္မတ အနေ​နဲ့ အို​ဘား​မား ရောက်လာ​ပြီ

obama_kenya
Image caption မစ္စတာ အိုဘားမား ရဲ့ ကိုယ့် မြေကိုယ် ပြန်လာတဲ့ ခရီးစဉ် သဖွယ် ကင်ညာ ပြည်တွင်း မီဒီယာ တွေ က ရေးသား နေကြ ပါတယ်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမား ဟာ ကင်ညာ နိုင်ငံ မြို့တော် နိုင်ရိုဘီ ကို ဆိုက် ရောက် လာခဲ့ တဲ့ နောက် အခုဆို သူ့ရဲ့ ကင်ညာ ဆွေမျိုး တွေ နဲ့ ထမင်း လက်ဆုံ စားခဲ့ ပြီ ဖြစ် ပါတယ်။

ကင်ညာ နိုင်ငံ သား ဖခင် ဖြစ်သူ က မွေးဖွား လာ လာခဲ့တဲ့ မစ္စတာ အိုဘားမား ဟာ သမ္မတ လက်ရှိ ရာထူး နဲ့ ကင်ညာ ကို လာရောက် တဲ့ ပထမဆုံး အမေရိကန် သမ္မတ ဖြစ် ပါတယ်။

မစ္စတာ အိုဘားမား ရဲ့ ကိုယ့် မြေကိုယ် ပြန်လာတဲ့ ခရီးစဉ် သဖွယ် ကင်ညာ ပြည်တွင်း မီဒီယာ တွေ က ရေးသား နေကြ ပါတယ်။

နိုင်ရိုဘီ လေဆိပ် ကနေ ထွက် လာခဲ့တဲ့ သမ္မတ ရဲ့ ကားတန်း ဖြတ်သွားရာ လမ်းဘေး ဝဲယာ မှာ ကင်ညာ နိုင်ငံ သား တွေ က အားရ ဝမ်းသာ ကြိုဆို နှုတ်ဆက် ခဲ့ ကြ ပါတယ်။

နိုင်ရိုဘီ မြို့တော် က ဟိုတယ် မှာ အိုဘားမား မျိုးနွယ် တွေ စုဝေး နေခဲ့ ကြသလို သမ္မတ ရဲ့ ဖခင် မွေးဖွား ခဲ့တဲ့ ခိုဂယ်လို ကျေးရွာ မှာ လည်းသီချင်းတွေ ဆိုကြ ကကြ နဲ့ ရွာခံ တွေ ပျော်မြူး ခဲ့ ကြ ပါတယ်။

နိုင်ရိုဘီ မြို့ ပေါ်မှာ တော့ ကင်ညာ နိုင်ငံ သမိုင်း မှာ မကြုံစဖူး လုံခြုံရေး တင်းကြပ် မှု တွေ ပြုလုပ် ထား ခဲ့ ပါတယ်။

မြို့တော် ပေါ် မှာ ရဲတပ် ဖွဲ့ အင်အား တစ်သောင်း ဝန်းကျင် လောက် နေရာ ချ ထား ပြီး အဓိက လမ်းမကြီး တော်တော် များများ လည်း ပိတ်ထား ပါတယ်။

ကင်ညာ နိုင်ငံ ရဲ့ ဝေဟင် ပေါ် မှာ အမေရိကန် စစ်လေယာဉ် တွေ လည်း ကင်းလှည့် ပျံသန်း နေကြ ပါတယ်။

ကင်ညာ နိုင်ငံ ရဲ့ စီးပွားရေး ကို ဘယ်လို ဖွံ့ဖြိုး အောင် လုပ် ဆောင် မလဲ ဆိုတာ အပါအဝင် အခု နှစ် ပိုင်း တွေ အတွင်း ရာပေါင်း များစွာ သော ကင်ညာ အရပ် သား တွေ ကို သတ်ဖြတ် ခဲ့တဲ့ အစ္စလာမ်မစ် လက်နက်ကိုင် အယ်လ်ရှာဘတ် အဖွဲ့ ကို ကိုင်တွယ် ရေး ကိစ္စတွေ ကို သမ္မတ အိုးဘားမား ဆွေးနွေး နိုင်တယ် လို့ မျှော်လင့် ရပါတယ်။

ဒါ့အပြင် ကင်ညာ နိုင်ငံ အတွင်း ဖြစ်ပေါ် နေတဲ့ အကျင့်ပျက် ခြစား မှု တွေ နဲ့ လူ့ အခွင့် အရေး ချိုး ဖောက်မှု တွေ အကြောင်း ကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန် မယ် ဆိုပြီး သမ္မတ အိုဘားမား က ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ