ဆီး​ရီး​ယား​စစ်​တပ် အားနည်း​နေ​တာ အာ​ဆတ်​ဝန်ခံ

bashar_assad_syria ဓာတ်ပုံ မူပိုင် SANA
Image caption စစ်မှု မထမ်း မနေရ ဥပဒေကို ရှောင်လွှဲ နေသူ တွေ နဲ့ တပ်ပြေး တွေ အပေါ် လွတ်ငြိမ်းချမ်းသာ ခွင့် ပေးတယ် ဆိုပြီး သမ္မတ အာဆတ် က ပြီးခဲ့တဲ့ စနေနေ့တုန်းက ကြေညာ ထား။

ဆီးရီးယား အစိုးရ စစ်တပ် မှာ လူအင်အား မရှိ တဲ့ အတွက် ပြည်တွင်းစစ် ပဋိပက္ခ မှာ ဆီးရီးယား အစိုးရ အနေနဲ့ နယ်မြေ တွေ လက်လွှတ် ဆုံးရှုံး ခဲ့ရတယ် ဆိုပြီး သမ္မတ ဘရှား အယ်လ် အာဆတ် က ဝန်ခံ ပြောကြား ခဲ့ ပါတယ်။

တစ်နှစ်အတွင်း ပထမဆုံး အကြိမ် ဆီးရီးယား ရုပ်မြင်သံကြား ပေါ် မစ္စတာ အယ်လ် အာဆတ် ပြန် ပေါ် လာပြီး အခုလို ပြောကြား ခဲ့တာ ဖြစ် ပါတယ်။

ပြည်တွင်းစစ် ၄ နှစ် ကျော် ရှည်ကြာ လာခဲ့ရတဲ့ အချိန် မှာ သူ့ရဲ့ တပ်ဖွဲ့ တွေ ဟာ မဟာဗျူဟာ မြောက် ပိုပြီး အရေးပါ တဲ့ နေရာ တွေကို ဆက်လက် ထိန်းထား နိုင်ဖို့ အတွက် နယ်မြေ တချို့ ကို လက်လွှတ် ခံခဲ့ရတာ ဖြစ်တယ် လို့လည်း မစ္စတာ အာဆတ် က ပြောပါတယ်။

ဆီးရီးယား သူပုန်တပ် ဖွဲ့ တွေ ကတော့ ဒေသတွင်း တခြား နိုင်ငံ တွေ ဆီက အကူအညီ အထောက်အပံ့ တွေ ပိုပိုပြီး ရရှိ နေတယ် လို့လည်း သမ္မတ အာဆတ် က ဆိုပါတယ်။

စစ်မှု မထမ်းမနေရ ပြဌာန်း ထားတဲ့ ဆီးရီး စစ်တပ် ဟာ အရှေ့အလယ် အပိုင်း ဒေသမှာ အတောင့်တင်း ဆုံး ဖြစ်ခဲ့ ပေမယ့် အခု အချိန် မှာ တော့ စစ်မှု မထမ်းမနေရ ဥပေဒ ကို ရှောင်လွှဲ သူတွေ တိုးမြင့် လာတဲ့ အပြင်၊ ကျဆုံးသူ တွေ၊ တပ်ပြေး တွေ၊ ဘက်ပြောင်း သွားသူ တွေ ကြောင့် အင်အား လျော့နည်း လာတာ ဖြစ် ပါတယ်။

အဲဒီ့လို စစ်မှု မထမ်း မနေရ ဥပဒေကို ရှောင်လွှဲ နေသူ တွေ နဲ့ တပ်ပြေး တွေ အပေါ် လွတ်ငြိမ်းချမ်းသာ ခွင့် ပေးတယ် ဆိုပြီး သမ္မတ အာဆတ် က ပြီးခဲ့တဲ့ စနေနေ့တုန်းက ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ