MH370 အပိုင်းအစ ဟုတ်မဟုတ် စစ်ဆေးနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီအစိတ်အပိုင်း တွေ့ရှိမှုဟာ ထူးခြားတဲ့ တိုးတက်မှုပဲလို့ သြစတြေးလျက ပြော။

အိန္ဒိယ သမုဒ္ဒရာ အတွင်းက Reunion ကျွန်းပေါ်မှာ တွေ့ခဲ့ရတဲ့ လေယာဉ် အပိုင်းအစငယ်ဟာ ပျောက်ဆုံး နေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ အပိုင်းအစ ဟုတ်မဟုတ် စစ်ဆေးဖို့ အဲဒီ အပိုင်းအစကို ပြင်သစ် နိုင်ငံတောင်ပိုင်းကို သယ်ဆောင် သွားပြီလို့ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

အစောပိုင်း ယူဆချက်တွေအရ ၂ မီတာ ရှည်တဲ့ အဲဒီ အပိုင်းအစဟာ ဘိုအင်း ၇၇၇ လေယာဉ် တစ်စင်းရဲ့ အပိုင်းအစ ဖြစ်ဖို့ များတယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ဆိုပါတယ်။

မလေးရှား လေကြောင်းပိုင် MH370 လေယာဉ် တစ်စီးသာ သမုဒ္ဒရာပေါ် ပျောက်ဆုံးသွားတဲ့ တစ်စင်းတည်းသော ဘိုအင်း ၇၇၇ လေယာဉ် ဖြစ်ပါတယ်။

MH370 ဟာ ၂၀၁၄ ခုနှစ် မတ်လက ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး လိုက်ပါ သွားပါတယ်။

လေယာဉ် အပိုင်းအစတွေမှာ အမှတ်စဉ် နံပါတ်တွေ ပါတဲ့ အတွက် MH370 ရဲ့ အပိုင်းအစ ဟုတ်မဟုတ် သက်သေပြဖို့ အဲဒီ နံပါတ်တွေက အထောက်အကူ ဖြစ်စေမှာပါ။

ဒီကနေ့ ကြာသပတေး နေ့မှာလည်း အတော်လေး ပျက်စီးနေတဲ့ ခရီးဆောင်အိတ် အကြွင်းအကျန် တစ်ခုကို အဲဒီ ကျွန်းပေါ်မှာပဲ ထပ်မံ တွေ့ရှိ ခဲ့ပါတယ်။

Reunion ကျွန်းဟာ အိန္ဒိယ သမုဒ္ဒရာထဲက ပြင်သစ်ပိုင် ကျွန်း ဖြစ်ပြီး၊ အဲဒီ ကျွန်းရဲ့ အရှေ့ဘက် သမုဒ္ဒရာအတွင်း ဧရိယာ ကီလိုမီတာ ၄၀၀၀ လောက်ကို သြစတြေးလျ ဦးဆောင်တဲ့ ရှာဖွေရေး အဖွဲ့တွေက အဓိကထား ရှာဖွေ နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ