မူလာအိုမာကို ဆက်ခံသူ တာလီဘန်တွေ တင်မြှောက်

ဓာတ်ပုံ မူပိုင် AFP
Image caption မူလာ အိုမာ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သေဆုံးခဲ့ပြီလို့ အာဖဂန် အစိုးရက အတည်ပြု ကြေညာခဲ့။

တာလီဘန် ခေါင်းဆောင် မူလာအိုမာ သေဆုံးပြီး ဖြစ်တယ်လို့ အာဖဂန် အစိုးရက ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပြီးနောက် တာလီဘန်တွေက သူတို့ ခေါင်းဆောင်သစ်ကို တင်မြှောက် လိုက်တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

မူလာ အိုမာရဲ့ လက်ထောက် ဖြစ်ခဲ့သူ မူလာ မန်ဆော Mullah Akhtar Mansour က တာလီဘန် ခေါင်းဆောင် နေရာကို ဆက်ခံမယ်လို့ တာလီဘန် ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို ခန့်အပ်မှုကို တာလီဘန် ခေါင်းဆောင် အများစုက ဆန့်ကျင်တဲ့အတွက် တာလီဘန် အဖွဲ့အတွင်း အကွဲအပြဲတွေ ဖြစ်စေ နိုင်တယ်လို့လည်း သတင်းထောက်တွေက ဆိုပါတယ်။

တာလီဘန် ခေါင်းဆောင်တွေက မူလာအိုမာရဲ့ သားဖြစ်သူကို ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံစေချင်ကြတာ ဖြစ်ပြီး၊ တာလီဘန် အဖွဲ့အတွင်းက ပါကစ္စတန်နဲ့ နီးစပ်တဲ့ အုပ်စုက မူလာ မန်ဆောကို ခေါင်းဆောင်အဖြစ် ဝိုင်းတင်ခဲ့ကြတာလို့ သူတို့က ယူဆကြပါတယ်။

တစ်ချိန်တည်းမှာပဲ မနက်ဖြန် သောကြာနေ့ ပါကစ္စတန်မှာ လုပ်ဖို့ စီစဉ်ထားတဲ့ အာဖဂန် အစိုးရနဲ့ တာလီဘန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တာလီဘန်တွေ ဘက်က မေတ္တာရပ်ခံခဲ့လို့ ရွှေ့ဆိုင်း လိုက်ရတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ